မကွေးတိုင်း မင်းဘူးမြို့နယ် သီးကုန်းကျေးရွာမှ ဖြစ်ပွားခဲ့တာပါ။

မကွေးတိုင်း မင်းဘူးမြို့နယ် သီးကုန်းကျေးရွာမှာ အသက်၆၀ အထက် ကြိုတင်မဲပေးတဲ့ မဲပုံးမှာ မူလအတိုင်းမရှိဘဲ ကျိုးပေါက်ပျက်စီးနေတာကို တွေ့ရတဲ့အတွက် အဆိုပါကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဌကို နိုဝင်ဘာ ၂ရက်နေ့က တာဝန်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံကနေ သိရပါတယ်။ 



 "ကြိုတင်မဲပေးနေတဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က သီးကုန်းမှာ မဲပုံးက မူလအတိုင်းမဟုတ်ဘဲ ကျိုးပေါက်ပျက်စီးနေတယ်လို့ သိရတဲ့အတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်ဥက္ကဌ၊ သက်ဆိုင်ရာပါတီ အသီးသီးက တာဝန်ရှိသူတွေနဲ့ အဲဒီ့ရွာကို သွားရှင်းတယ်၊ ရွာကအပြန် မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီနဲ့ အစည်းအဝေးပြုလုပ်ပီး အခုလို အရေးယူဆောင်ရွက်မှု့တွေပြုလုပ်ခဲ့တယ်"လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးမြင့်ကျော်က ပြောပါတယ်။


ဓါတ်ပုံ - အောင်မျိုးနိုင်(မင်းဘူး)

အဆိုပါ ကျေးရွာကို တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာမှာ ‌စစ်ဆေးတွေ့ရှိချက်အရ ထိုဆန္ဒပုံး အတွင်းရှိ စုစုပေါင်း(၂၀၁ ) မဲကို ပယ်ဖျက်မဲအဖြစ်သတ်မှတ်ကာ ဆန္ဒမဲပေးသူအားလုံး ပြန်လည်‌မဲပေးရမယ်လို့ သိရပါတယ်။

 "ဒီဖြစ်စဉ်ကို အထူးအဖွဲ့ ဖွဲ့ကာ ဆက်လက်စစ်ဆေးသွားမယ်၊ အဲ့ဒီရွာရဲ့ မဲဆန္ဒရှင်တွေရဲ့အခွင့်အရေးမဆုံးရှုံးရအောင် အသစ်တဖန် ပြန်လည် မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ထားပါတယ် ၊ ပေါက်ကျိုးသံသယဖြစ်တဲ့ မဲပုံးကိုလည်း မြို့နယ်ကော်မရှင်ဥက္ကဌ ဦးဆောင်ပြီး ပါတီကိုယ်စားလှယ်တွေ သက်ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ အကုန်လုံးချိတ်ဆက်ပီး မင်းဘူးမြို့နယ်ကော်မရှင်ရုံးကြီးမှာ လုံခြုံစိတ်ချစွာသိမ်းဆည်းထားပါတယ်"လို့ ဦးမြင့်ကျော်က ပြောပါတယ်။ 

မင်းဘူးခရိုင်အတွင်း နိဝင်ဘာ ၂ရက်နေ့အထိ အသက်၆၀အထက် ကြိုတင်မဲပေးထားသူ လေးသောင်း ရှစ်ထောင်ကျော်ရှိပြီ ဖြစ်ပါတယ်။ 

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က