ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်အောင် ဆောင်ရွက်နေကြဟုဆို

ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်အောင် ဆောင်ရွက်နေကြတာတွေက တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြခြင်းဖြစ်ပြီး ဆင်ထားတဲ့ ထောင်ချောက်ထဲကို မဝင်မိကြစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ (၃) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။



“ ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ဆင်ထားတဲ့ထောင်ချောက်ထဲကို မဝင်မိကြပါစေနဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ "ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ"။ "သာဝ" ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ "သာဝ" တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ "သာဝ" တွေထက်သာတဲ့ပြည်သူတွေပေါ့။” လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့တာပါ။

ဓာတ်ပုံ- ဆူးနစ် (NPT) (စက်တင်ဘာ (၈) ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အောင်နိုင်ရေးအလံလွှင့်ထူစဉ်)

ရွေးကောက်ပွဲဖြစ်ဖို့ နည်းလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပိုပြီး သိလာကြမယ်လို့ ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့က အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာကို ပြည်သူတွေ အသိပဲ ဖြစ်ကြောင်း ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြခဲ့တာပါ။

ရွေးကောက်ပွဲအတွက်အောင်နိုင်မှုရယူကြရာမှာ နိုဝင်ဘာ (၈) ရက်နေ့ မှာ တည်ငြိမ်အေးချမ်းစွာနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး မဲရုံကိုသွားပြီးမဲပေးကြဖို့၊ Mask တွေတပ်ထားကြရမှာဆိုတော့ တစ်ဦးနဲ့တစ်ဦး အပြုံးတွေနဲ့အားပေးလို့မရတဲ့အခါ မျက်လုံးချင်းအကြည့်တွေနဲ့ပဲ အရေးကြီးလို့သွေးစည်းနေကြပြီဆိုတာကို ပြသကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါသေးတယ်။

တကယ်လို့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီစွာ မဲပေးရေးကို ထိပါးစေမယ့် အခြေအနေ၊ လုပ်ရပ်တွေကို သတိထားမိပါက မဲရုံက တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း၊ တည်တည်ငြိမ်ငြိမ် တင်ပြကြဖို့လည်း သတိပေးထားပါတယ်။

မဲပေးတဲ့နေ့မှာ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ရှိမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကျက်မှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးကိုအလေးထားမှု ပေါ်လွင်ထင်ရှားအောင် ပြသလိုက်ကြဖို့၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ အလေးထားလိုက်နာတာကိုလည်း ပြသလိုက်ကြဖို့ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ မဲသွားပေးနိုင်သူတွေကို အားကျလှပြီး သူ့အနေနဲ့ကတော့ အသက် (၆၀) ကျော် ဖြစ်တဲ့အတွက် ကြိုတင်မဲပေးလိုက်ပြီဖြစ်ကြောင်း၊ (၈) ရက်နေ့မှာ စိတ်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမဲပေးနေတဲ့ပြည်သူတွေနဲ့ အတူရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။

Share

က္က