မဲရုံမှူးရဲ့ အကူအညီနဲ့ မဲပေးနိုင်မှာပါ။

ရွေးကောက်ပွဲနေ့မှာ မဲရုံလာလို့ ကိုယ်အပူချိန်မြင့်နေခဲ့ရင် မဲရုံအတွင်းသို့ ဝင်ခိုင်းမှာ မဟုတ်တော့ဘဲ သီးသန့်အခန်းမှာ မဲပေးနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။



နိုဝင်ဘာ(၈) ရက် ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံဝင်ခါနီးအချိန် ကိုယ်အပူချိန်တိုင်းလို့ အပူချိန်မြင့်မားနေတဲ့သူတွေ ရှိလာခဲ့ပါက သူတို့အတွက် သီးသန့်အခန်းပြင်ဆင်ပေးထားပြီး ဒုတိယမဲရုံးမှူးက အဆိုပါ မဲပေးတဲ့သူထံလာရောက်ကာ တိုက်ရိုက်မထိတွေ့စေဘဲ မဲပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်က ပြောကြားခဲ့တာပါ။

ဒီနေ့ နိုဝင်ဘာ(၃) ရက်က နိုင်ငံပိုင်မီဒီယာမှာ ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ အမေးအဖြေကဏ္ဍမှာ ရွေးကောက်ပွဲနေ့မှာ ကျန်းမာရေးနဲ့ ညီညွှတ်အောင် မဲပေးနိုင်ဖို့ ပြင်ဆင်ထားမှု အခြေအနေကို ပြည်သူတစ်ဦးရဲ့ မေးမြန်းမှုကို ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ ကိုယ်အပူချိန်မြင့်နေရင် မဲရုံထဲဝင်ပြီး မဲပေးတာ မလုပ်ခိုင်းဘူး။ သူ့ကို မဲပေးဖို့ အခန်းသက်သက်လုပ်ပေးထားတယ်။ ဒုတိယမဲရုံမှူးက သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်း မရှိဘဲ သူ့ရဲ့အချက်အလက်၊မှတ်ပုံတင်တို့ကိုယူမယ်။ သူ့အတွက် မဲလက်မှတ်ယူလာမယ်။မဲလက်မှတ်ကို သူ့ကိုပြမယ်။ သူရဲ့ ဆန္ဒအတိုင်းဒုမဲရုံမှူးက ဆန္ဒပြုပေးမယ်။ ပြီးရင် ဒုမဲရုံမှူးကပဲ အဲ့မဲလက်မှတ်တွေကို မမြင်အောင် ခေါက်ပေးပြီးတော့ယူသွားမယ်။ ပြီးရင် မဲပုံးထဲထည့်ပေးမယ်။ မဲပုံးထဲထည့်တာကိုလည်း မဲဆန္ဒရှင်က မြင်သာတဲ့နေရာက ကြည့်လို့ရမယ်” လို့ဦးဝင်းဦးခိုင်က ဆိုပါတယ်။

မဲပေးပြီးရင်တော့ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲဆိုင်ရာကျန်းမာရေးအထောက်အကူပြုကော်မတီကို အပ်နှံလိုက်ပြီး ကုသရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မဲရုံ အပြင်/အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနဲ့အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်တွေနဲ့ ဆောင်ရွက်ထားပြီး အဆိုပါ စည်းကမ်းတွေအတိုင်းလိုက်နာပါက စိတ်ချလက်ချမဲပေးနိုင်တယ်လို့လည်း ညွန်ကြားရေးမှူးဦးဝင်းခိုင်က ပြောပါတယ်။ 

လာမယ့်နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးမဖြစ်အောင်၊ ကျန်းမာရေးကာကွယ်ရေးနဲ့အညီမဲပေးနိုင်အောင်ဆိုပြီးတော့ အသက် (၆၀)နှစ်အထက်မဲဆန္ဒရှင်တွေ၊မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေနဲ့ ကွာရန်တင်းဝင်နေရသူတွေနဲ့ ဆေးရုံတက်နေရသူတွေကို အောက်တိုဘာ (၂၉) ရက်ကစပြီး ကြိုတင်မဲတွေ ကောက်ခံပေးနေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က