တံဆိပ်တုံးအတုနဲ့ မဲဆန္ဒရှင် သုံးဦးကို ဆန္ဒပြုစေခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

လှည်းကူးမြို့နယ်က တံဆိပ်တုံးအတုကိစ္စနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့မဲရုံကိုယ်စားလှယ်ဖြစ်သူ ဒေါ်အေးမာဝင်းကို လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ပါ ပြဋ္ဌာန်းချက်နဲ့အညီ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အေးမာဝင်းဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားခြင်းမဟုတ်တဲ့ အမှန်ခြစ်တံဆိပ်တုံးကို ပေးအပ်ခဲ့ပြီး ဒုတိယမဲရုံမှူးဒေါ်တင်တင်ဝင်းက အဲ့ဒီတံဆိပ်တုံးကိုယူဆောင်ခဲ့ကာ မဲဆန္ဒရှင် သုံးဦးကို ဆန္ဒပြုစေခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့်အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ဖော်ပြချက်မှာပါရှိပါတယ်။ အဆိုပါ တံဆိပ်တုံး အတုကိစ္စနဲ့ပတ်သက်ပြီး လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုးလွင်ကတော့ ရိုးသားစွာမှားယွင်းမှုတစ်ခုဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သုံးသပ်ပြောဆိုထားပါတယ်။



“တကယ်တမ်းပြောရရင်ရပ်/ကျေးကော်မရှင်တွေကို သင်တန်းလည်းမပေးနိုင်ဘူး ကိုဗစ်ကြောင့်သင်တန်းချက်ချင်းမပေးနိုင်လို့တစ်ရက်ပဲပေးနိုင်တယ်။ သုံးသပ်တာတော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ရိုးသားစွာမှားယွင်းတယ်လို့ ယူဆတယ်။ မြေပြင်အခြေအနေမှာက ဆန္ဒမဲပေးတဲ့အခါ အမှန်ခြစ်ပေးရမလား၊ တံဆိပ်ရိုက်ရမလား ဆိုတဲ့ ပြဿနာတွေရှိနေတယ်။ ရပ်ကျေးကော်မရှင်တွေကိုလည်းကိုဗစ်ကြောင့် သင်တန်း ချက်ချင်းပေးနိုင်ခြင်းမရှိခဲ့ဘဲ တစ်ရက်သာ သင်တန်းပေးနိုင်ခဲ့တယ်။" လို့ ဦးစိုးလွင်ကပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လှည်းကူးမြို့နယ်အတွင်း မြို့မရပ်ကွက်မှာ အိမ်တိုင်ရာရောက် ကြိုတင်မဲတွေလိုက်လံကောက်ခံခဲ့ရာမှာရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်အတူလိုက်ပါခဲ့တဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်အမျိုးသမီးဟာ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုကို သုံးပြီး မဲဆန္ဒရှင်တွေကို ဆန္ဒမဲပေးစေခဲ့တာဖြစ်တယ်လို့စွပ်စွဲမှုတွေရှိခဲ့တာပါ။ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းကလည်းကောက်ရခဲ့တဲ့ တံဆိပ်တုံးကို သဘောရိုးနဲ့သာပေးဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဂုဏ်သိက္ခာကို အသရေပျက်ပြားအောင် မမှန်မကန်သတင်းရေးသားခဲ့တဲ့ သူကို  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် လှည်းကူးမြို့နယ်က ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတွေက လှည်းကူးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ မီဒီယာတွေကိုလည်း တရားဥပဒေအရဆောင်ရွက်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီကပြောကြားထားတာရှိပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က