ဆန္ဒမဲလက်မှတ် ၂ စောင်မှာ ကြိုတင်ပြီး ဆန္ဒမဲပေး တံဆိပ်တုံးထုပြီးသားတွေဖြစ်နေတာဖြစ်ပါတယ်။

လှည်းကူးမြို့နယ်က ကြိုတင်မဲ‌ထည့်မယ့် ဆန္ဒမဲလက်မှတ်စာအိတ်တွေထဲမှာ ဆန္ဒမဲပေးရတဲ့ တံဆိပ်တုံးထုပြီးသား မဲလက်မှတ်တွေပါဝင်နေတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ် လောင်းကိုအောင်မျိူးနိုင်က ပြောကြားခဲ့ကာ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းတန်ကတော့ ယင်းဖြစ်ရပ်က အိမ်တစ်အိမ်တည်းမှာပဲ ဖြစ်ပေါ်ခဲ့တဲဲ့အတွက် တစ်စုံတစ်ယောက်က ကော်မရှင်ကို ဒုက္ခပေးချင်လို့ လုပ်တယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က လှည်းကူးမြို့နယ် ၊ကြက်မောက်ကုန်းကျေးရွာမှာ ကြိုတင်ဆန္ဒမဲ လိုက်လံကောက်ခံချိန် အိမ်တစ်တစ်အိမ်အရောက်မှာ ဆန္ဒမဲ ပေးဖို့အတွက် စာအိတ်တွေပေးတဲ့အခါမှာ စာအိတ်ထဲက ဆန္ဒမဲလက်မှတ် ၂ စောင်မှာ ကြိုတင်ပြီး ဆန္ဒမဲပေး တံဆိပ်တုံးထုပြီးသားတွေဖြစ်နေတာဖြစ်ပါတယ်။ 

"တစ်နေ့က ကျွန်တော်တို့မဲရုံ ၃ ၊ကြက်မောက်ကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးအောင်မြင့် ဒေါ်ခင်အုံးမြင့် တို့အိမ်မှာ အိမ်မှာမဲပေးဖို့အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ဝင်ခေါင်းဆောင်တဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ကနေပြီးတော့ သွားရောက်ပြီး ဆန္ဒမဲပြု ခဲ့တယ်။ ဆန္ဒမဲပြုတဲ့နေရာမှာ ပထမ ဦးအောင်မြင့်ကို ပေးတဲ့စာအိတ်ကြီးထဲက အထဲမှာပါတဲ့ စာအိတ် ၃ အိတ်ကတော့ ရွေးကော်စီစဉ်တဲ့အတိုင်း အဆင်ပြေတယ်၊ နောက်တစ်ကြိမ် သူ့ရဲ့အမျိူးသမီးဖြစ်တဲ့ ဒေါ်ခင်အုန်းမြင့်အလှည့်ကျတဲ့ အချိန်ကျမှာတော့ စာအိတ်ကြီးအထဲက စာအိတ်လေး ၃ အိတ်ထုတ်တယ်။ ပြည်သူ၊ အမျိူးသား၊ တိုင်း ဆိုတဲ့စာအိတ်ကလေး ၃ အိတ် ကိုဖွင့်တဲ့အချိန်မှာတော့ နှစ်ရွက်ကတံဆိပ်တုံးကြိုတင်ပြီးထုပြီးသားဖြစ် နေတယ်။ ဒါကြောင့်မို့ကျွန်တော်တို့ကို ကျွန်တော်ရဲ့ မဲရုံကိုယ်စားလှယ်ကနေ လှမ်းပြီးသတင်းပေးပို့တဲ့အပေါ်မှာ ဒါဆိုလို့ရှိရင်တော့ ကန့်ကွက်ရမယ် ဒီလိုမျိူး ရပ်ကျေးကော်မရှင်လက်ထဲကနေ ထွက်လာတဲ့ဒီမဲစာရင်းစာရွက်က ဒီလိုကြိုတင်ထုပြီး တံဆိပ်တုံးကြိုတင်ထုထားတဲ့ ကိစ္စရပ်က ဘယ်သူ့မှာတာဝန်ရှိမလဲ တာဝန်ယူမှု တာဝန်ခံမှု ဖြစ်ဖို့လိုအပ်တယ်"လို့ ဦးအောင်မျိုးနိုင်ကပြောပါတယ်။

ကြိုတင်ဆန္ဒမဲတွေ ကောက်ယူတဲ့အခါ ဆန္ဒမဲပေးမယ့် ပြည်သူရဲ့ အရှေ့ရောက်မှသာ မဲလက်မှတ်မှာ ဆန္ဒမဲ ပေးသူနာမည်ရေး၊ လက်မှတ်ထိုးစေပြီးမှသာ ကိုယ်ပေးချင်တဲ့ ပါတီကို တံဆိပ်နှိပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်မောက်ကုန်းက ကော်မရှင်တာဝန်ရှိသူတွေကတော့ ဆန္ဒမဲ လက်မှတ်တွေကို အိတ်ထဲကြိုတင်ထည့်ထားတာတွေပြုလုပ်ခဲ့တာကြောင့် အခုလို တံဆိပ်ထုပြီးသား မဲလက်မှတ် မှားယွင်းမှုဖြစ်ရပ်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒမဲ ကောက်ယူရာမှာပါဝင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်ဖြစ်သူ ကိုမျိူးမင်းအောင်က" ဦးအောင်မြင့် ဆန္ဒမဲပေးတယ်၊ ၃ ရွက်စလုံးပေးတယ်၊ အဆင်ပြေတယ်၊ ပထမဆုံးအိတ်အတွက်ကပေးပြီးသွားပြီ၊ နောက်တစ်အိတ်ဖောက်ပေးမယ်ဆိုတော့ တစ်အိတ်ကထုပြီးသွားပြီ၊ ဒုတိယတစ်အိတ်ပေးမယ် ထပ်ဖောက်တော့လည်းထုပြီးသားပဲ အဲဒီမှာ ကော်မရှင်တွေ မဲရုံမှူးတွေ အကုန်လုံးပါတယ်၊ သူတို့ကမေးတယ်၊ ကျေနပ်လား ဒီတံဆိပ်တုံးက ထုပြီးသာဆိုရင် နောက်တစ်ကြိမ် ထပ်ထုမယ်ဆိုရင် ပယ်မဲဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း မထုခိုင်းဘူး ကော်မရှင်က ပြန်သိမ်းသွားတယ်၊ ထုပြီးသားကလည်း UEC အမှတ်တံဆိပ်ပါတယ်"လို့ ဆိုပါတယ် ။

ဆန္ဒမဲ လက်မှတ်မှာ အခုလို ကြိုတင် တံဆိပ်ထုနှိပ်ပြီးသားတွေပါဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ကိုသာတင်ပြထားကြောင်း၊ ပါတီကမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ဖြစ်ပေါ်ခဲ့တာ မှန်ကန်ကြောင်း လှည်းကူးမြို့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းတန်ကလည်း အတည်ပြုခဲ့ပြီး တံဆိပ်တုံးထုထားတဲ့ ပါတီနဲ့ အဆိုပါအိမ် ဆန္ဒမဲပေးလိုတဲ့ ပါတီတူညီနေတာကြောင့် ပြဿနာမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

" တံဆိပ်ထုပြီးသား ပါနေတာဟုတ်တယ်။ အဲ့ဒါ နဲ့ပတ်သက်ပြီးမေးကြည့်တော့ အဲ့ဒီ တစ်ရက်ပဲဖြစ်တယ်ပေါ့။ တခြားအချိန်တွေမဖြစ်ဘူး။ အဲဒီတစ်ရွာလုံးမှာ အဲဒီတစ်အိမ်တည်းဖြစ်တယ်ဆိုတော့ တယောက်ယောက်ကကော်မရှင်ကို ဒုက္ခပေးချင်လို့လုပ်တယ်လို့ယူဆတယ်။ တစ်နည်းအားဖြင့် ပါတီတစ်ခုကနေ ကျနော်တို့ကို ဒုက္ခပေးချင်တဲ့ပုံစံ ၊ မတရားနည်းဖြင့် မဲရလိုမှုပုံစံ မုတ်တာပေါ်လွင်လို့ ဒီကိစ္စကို သာမန်အမှုလိုပဲ သဘောထားလိုက်တယ်။ (အဲဒီ)အိမ်ကလည်း USDP ကိုပဲ ပေးမှာပါ အဆင်ပြေပါတယ် ပြောပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း မတင်ပြတော့ပါဘူး" လို့ NLD ပါတီ ရဲ့ ကိုယ်စားလှယ်လောင်း ဦးသိန်းတန်က ပြောပါတယ်။

 ကာယကံရှင် ဖြစ်သူ ဦးအောင်မြင့်က"သူတို့က ခြစ်ထားတဲ့စာရွက်ကို ပြန်လဲပေးတယ်၊ နောက်လဲပေးတဲ့ဟာကို ကျွန်တော်ကိုယ်တိုင် နှိပ်ပေးလိုက်တယ် ၊ အဘတို့မိသားစုက ကြိုတင်မဲ ၂ မဲထည့်တာ အသက် ၈၀ ရယ် ၇၀ ရယ်ပေါ့၊"လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၃၀ ရက်နေ့မှာလည်း လှည်းကူးမြို့မှာ တံဆိပ်တုံးအတုနဲ့ ကြိုတင်ဆန္ဒမဲပေးဖို့ ဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ တံဆိပ်တုံးအတုကိစ္စနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းကို လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ပါ ပြဋ္ဌာန်းချက်နဲ့အညီ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၃ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က