မဲရုံကို ကြိုတင်မဲလာပေးသွားခဲ့တဲ့ အသက် ၇၀ အရွယ် အဖိုးနဲ့ သူ့ရဲ့ မိသားစုဝင် တစ်ဦးမှာ ကိုဗစ်ပိုး ကူးစက်ခံထားရပါတယ်။

မကွေးမြို့၊ သိင်္ဂါရပ်ကွက်က မဲရုံကို ကြိုတင်မဲလာပေးသွားခဲ့တဲ့ အသက် ၇၀ အရွယ် အဖိုးနဲ့ သူ့ရဲ့ မိသားစုဝင် တစ်ဦးမှာ ကိုဗစ် ပိုး ကူးစက်ခံထားရတယ်လို့ မကွေးမြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီကသိရပါတယ်။



ကိုဗစ်ပိုးတွေ့အဖိုးအိုဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြိုတင်မဲပေးခဲ့သူ ဖြစ်ကြောင်းနဲ့ ပိုးတွေ့ရှိကြောင်းကိုတော့ ဒီနေ့မှာ သိရှိရတာဖြစ်တယ်လို့ သိရပါတယ်။ 

" မဲပေးတုန်းကတော့ သူ့မှာ ကိုဗစ်ပိုး ရှိတယ်ဆိုတာ မသိခဲ့ဘူး။ နိုဝင်ဘာလ ၂ ရက်ကျတော့ သူက လေဖြတ်ရောဂါနဲ့ ဆေးရုံတက်တယ်။ဆေးရုံတက်နေရင်းအသက်ရှူကြပ်တယ်ဆိုတော့စစ်ကြည့်တဲ့အခါမှာ ပိုးတွေ့တာ ။ သူ့မိသားစုဝင် ၅ ဦးကိုလည်း စစ်ဆေးလိုက်တော့ အမျိုးသမီးတစ်ဦးမှာ ဒီနေ့ပိုးထပ်တွေ့ခဲ့တာပါ '' လို့ ကော်မတီဥက္ကဌဖြစ်သူ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောပါတယ် ။

ဒါကြောင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေနဲ့ ထိတွေ့မှုရှိသူတွေကို RDT Test kits ဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ အားလုံးမှာ ကိုဗစ် ပိုးမတွေ့ရှိဘူးလို့သိရပါတယ်။

"သိင်္ဂါရပ်ကွက်ကလို့ပဲ သိရသေးတယ်။ ပိုးတွေ့တယ်ဆိုတာလောက်ပဲ သိတယ်။ မြို့နယ် ကော်မရှင်မှပဲ အသေးစိတ်သိမယ်။"လို့ မကွေးခရိုင် ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။

ဓာတ်ပုံ - ဘိုသူ

ပိုးတွေ့သူ အသက်၇၀ အရွယ်အဘိုးအိုရဲ့ မိသားစုမှာ ခရီးသွားရာဇဝင်မရှိဘဲ ကူးစက်ခံရခြင်းဖြစ်တယ်လို့ ကိုဗစ်ကော်မတီကသိရပါတယ်။

မကွေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်စိုးဝင်းထံဆက်သွယ်ခဲ့ရာ သူက "

မကွေးမြို့နယ် တောင်ဖျားကကျေးရွာတစ်ရွာမှာပေါ့။သူနဲ့ ဆက်စပ်သူတွေကို စစ်တော့ မတွေ့ဘူးသိရတယ်။ ပိုးတွေ့တယ်ဆိုတော့ မသွားရဲမလာရဲဖြစ်တာပေါ့။ အသေးစိတ်ကို မနက်ဖြန်မနက်မှ ပြန်ဆက်ပေးပါ"လို့ပြောပါတယ်။ 

သိင်္ဂါရပ်ကွက်မှာ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပြီး ဒီကနေ့အထိဆိုရင် ဆန္ဒမဲပေးပြီးသူပေါင်း ၅၀၀ ကျော်ရှိပြီလို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က