အောင်လံမြို့ ရွာထောင်ရပ်ကွက် အသက်၆၀အထက်ကြိုတင်မဲပေးထားတဲ့ အမှတ်(၃)မဲပုံးဟာ နိုဝင်ဘာ ၄ရက်နေ့ ညနေပိုင်းက မိုးရေစိုသွားခဲ့တာပါ။

မကွေးတိုင်းအောင်လံမြို့ရွာထောင်ရပ်ကွက် အမှတ်(၃)မဲရုံမှ မဲပုံးတစ်ခုအတွင်း မိုးရေများဝင််သွားတဲ့အတွက် မဲလက်မှတ်များရေစိုသွားကြောင်း မြို့နယ်ရွေးကောက်ပွဲစေ့စပ်ညှိ့နှိုင်းရေးကော်မတီ စေ့စပ်ညှိ့နှိုင်းရေးမှူး မြို့နယ်NLDပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဥမ္မာဌေးက ပြောပါတယ်။



အောင်လံမြို့ ရွာထောင်ရပ်ကွက် အသက်၆၀အထက်ကြိုတင်မဲပေးထားတဲ့ အမှတ်(၃)မဲပုံးဟာ နိုဝင်ဘာ ၄ရက်နေ့ ညနေပိုင်းက မိုးရွာသွန်းချိန်မှာ ရေစိုခဲ့တယ်လို့ သိရပါတယ်။

ရွာထောင်ရပ်ကွက်မဲရုံမှ မြို့မရဲစခန်းဝန်းထဲရှိ ဘဏ်တိုက်အတွင်း မဲပုံးများသိမ်းဆီးရန် နောက်အမိုးပွင့် ရပ်ကွက်မီးသတ်ကားနဲ့ သယ်ဆောင်လာပြီး စောင်ဆိုင်းနေစဥ် မိုးရွာသွန်းခဲ့တဲ့အတွက် မဲပုံးအတွင်း မိုးရေဝင်ပြီး မဲလက်မှတ်များရေစိုခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေါ်ဥမ္မာဌေးက ‌ပြောပါတယ်။

“ဒီဖြစ်စဥ်ကို ညနေ၆နာရီလောက်ကမှ သိရတာပါ၊ မဲပုံးတွေစောင့်ကြည့်နေတဲ့ ကျွန်မတို့ပါတီက လူငယ်လေးတွေ လှမ်းခေါ်လို့သွားတယ်၊ လူငယ်တွေကို မေးကြည့်တော့ ရွာထောင်ရပ်ကွက်ကနေ ညနေ ၄ နာရီကျော်လောက်မှာ မဲပုံး(၅)ပုံးကို မီးသတ်ကားလေးပေါ်တင်ပြီး မြို့မရဲစခန်းက ဘဏ်ငွေတိုက်မှာ သိမ်းဖို့စောင့်နေတုန်း မိုးရွာလာတယ်၊ မိုးရွာလာတော့ မဲပုံးတွေ ရေမစိုအောင် မိုးကာအုပ်တယ်၊ အဲဒီမဲပုံးတွေထဲက အမှတ်(၃)မဲပုံးအပေါ် မိုးကာပေါ်ကနေတဆင့် မိုးရေဝင်တယ်လို့ ယူဆရပါတယ်၊ မဲပုံးမဲထည်တဲ့ နေရာကအံခွက်လိုဖြစ်နေတယ်၊ တိပ်ကပ်ပိတ်တာပေါ့၊ အဲဒီနေရာကနေ မိုးရေဝင်ပြီး ရေစိုတာဖြစ်နိုင်တယ်”လို့ ဒေါ်ဥမ္မာဌေးက သုံးသပ်ပါတယ်။

ရေဝင်သွားသော မဲပုံး (ဓာတ်ပုံ မကွေးပို့စ်)

  အဆိုပါမဲပုံးတွင် ကြိုတင်မဲပေးထားသူ (၁၅၂)ဦးရဲ့ မဲများပါရှိကြောင်း သိရပါတယ်။ ကြိုတင်မဲပုံးများ ပို့ဆောင်ရာမှာ ရွာထောင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ မပါရှိကြောင်း၊ ၎င်းမှာ ရပ်ကွက်အတွင်းရှိပြည်သူ(၇၂)ဦး မဲပေးခွင့်ရရှိရေးအတွက် တာဝန်ရှိသူများနဲ့ အစည်အဝေးပြုလုပ်ဆွေးနွေးနေတဲ့အတွက် မလိုက်ပါနိုင်ခြင်းဖြစ်ကြောင်း ဒေါ်ဥမ္မာဌေးက ပြောပါတယ်။

  “ညပိုင်းရောက်တော့ ဒီဖြစ်စဥ်ကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စေ့စပ်ညှိ့နှိုင်းရေးအတွက်ခေါ်လို့ ကျွန်မသွားခဲ့တယ်၊ အခုရေစိုသွားတဲ့မဲပုံးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် ညှိနှိုင်းဆွေးနွေးကြတယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ကလည်း ကော်မရှင်ဥပဒေ နည်းဥပဒေနဲ့အညီ အခုမဲပေးထားတဲ့ (၁၅၂)ဦးကို နိဝင်ဘာ ၅ရက်နေ့ မဲပြန်ပေးဖို့ ဆုံးဖြတ်ပါတယ်”လို့ ဒေါ်ဥမ္မာဌေးက ပြောပါတယ်။

ရွာထောင်ရပ်ကွက်မဲပုံးအတွင်းရေဝင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အောင်လံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌဦးမြင့်စိုးအား ဆက်သွယ်မေးမြန်းရာမှာတော့ “ဆောင်ရွက်ဆဲဖြစ်လို့ မပြီးသေးပါဘူးခင်ဗျ၊ အဆင့်ဆင့်တင်ပြနေဆဲဖြစ်လို့ မဖြေကြားနိုင်သေးပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။


မကွေးပို့စ်က ပေးပို့ထားသည့် သတင်းဖြစ်ပါသည်။

Share

က္က