ဖြစ်ရပ်တွေဖြစ်သွားပြီးတဲ့နောက်မှ စည်းမျဉ်းစည်းကမ်းတွေ နောက်ကလိုက်တယ်လို့ ဝေဖန်လိုက်တာပါ ။

အောက်တိုဘာလ ၂၉ရက်ကစတင်ပြီး ကြိုတင်မဲကောက်ယူတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ မူလသတ်မှတ်ထားတဲ့စည်းမျည်းတွေကို ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲထုတ်ပြန်နေတာနဲ့ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဝေဖန်ပြောကြားလိုက်ပါတယ်။

မဲကောက်ယူတဲ့နေရာမှာ ဖြစ်ပေါ်လာတဲ့ မသမာမှုတွေ ၊ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်ကန့်ကွက်ရာမှာ ကော်မရှင်ရဲ့ စည်းမျဉ်းတွေပြောင်းလဲထုတ်ပြန်နေခြင်းက နိုင်ငံရေးပါတီတွေအနေနဲ့ အခက်အခဲတွေ့ကြုံစေတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ(၄)ဒေါ်ငုဝါဝင်းက ပြောပါတယ်။



" ကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ မဲရုံသိမှတ်ဖွယ်ရာတွေ ၊ မဲဆန္ဒရှင်ပြည်သူတွေ သိမှတ်ဖွယ်ရာတွေ မဲရုံမှူးတွေ သိသင့်တာတွေ ၊ မဲရုံကိုယ်စားလှယ်တွေ သိသင့်တာတွေ စတဲ့ဟာတွေက ပယ်မဲတွေ ခိုင်လုံမဲတွေ ပြောတဲ့အခါကျရင် ဘာပြောလဲဆိုတော့ မဲရုံမှူးလက်မှတ်ပါမှ ။ မဲရုံမှူးလက်မှတ်ပါရမယ်လို့ ပြောထားတဲ့အတွက် ကျွန်မတို့က ပြဌာန်းထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ ညီမညီဆိုတာ ကြည့်တယ် ။ တံဆိပ်တုံးဆို အောက်မှာ UEC ဆိုတာ ပါရမယ် ။ အဲဒါကိုကြည့်တော့ ၂၉ရက်နေ့မှာ ဘောပင်နဲ့ခြစ်တာဖြစ်တယ် ။ ၃၀ရက်နေ့မှာ ဖြစ်တယ် ။ ၃၀ရက်နေ့ ညကျတော့ ဒါတွေလည်း တရားဝင်ပါတယ်ဆိုပြီး ဖြစ်တယ် ။ မဲရုံမှူးလက်မှတ်မပါလည်း နောက်မှာ တံဆိပ်တုံးထုထားရင် ရပါတယ်ဆိုပြီး ဖြစ်တယ် ။ ဖြစ်ရပ်တွေဖြစ်သွားပြီးတဲ့နောက်မှ စည်းမျဉ်းစည်းကမ်းတွေ နောက်ကလိုက်တယ်ဆိုတဲ့ ကိစ္စဟာ ကျွန်မတို့ နိုင်ငံရေးပါတီအနေနဲ့ စောင့်ကြည့်လေ့လာတဲ့နေရာမှာ ၊ ကန့်ကွက်လွှာတွေ တင်သွင်းတဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိပါတယ် ။ အဲဒီလိုပဲ မဲဆန္ဒရှင်ပြည်သူများကိုလည်း ဝေဝါးပြီး အာရုံထွေပြားစေပါတယ် " လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ(၄)ဒေါ်ငုဝါဝင်းက Duwunကို ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ နောက်ထပ်ထုတ်ပြန်ကြေညာတဲ့ သတ်မှတ်ချက်အသစ်တွေက မူလသတ်မှတ်ချက်ကို လွှမ်းမိုးထုတ်ပြန်ကြောင်း မပါဝင်တဲ့အတွက် စည်းမျဉ်းနှစ်ခုလုံးက အကျိုးသက်ရောက်မှုရှိနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေါ်ငုဝါဝင်းက ဆိုပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ကတော့ လက်ရှိကောက်ယူနေတဲ့ ကြိုတင်မဲလုပ်ငန်းစဉ်တွေကို လေ့လာစောင့်ကြည့်ရာမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲရုံကိုယ်စားလှယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နေ့စဉ်ထုတ်ပြန်ချက်အသစ်တွေကို အသိပေးနေရတယ်လို့ ပြောပါတယ်။

" မဲကောက်ယူတဲ့လုပ်ငန်းစဉ်စတင်ပြီးတဲ့နောက်မှ ဟိုဟာလည်းယူပါတယ် ဒါလည်းယူပါတယ် ထုတ်ပြန်တဲ့ကိစ္စတွေပေါ့ ။ ရှေ့က ကြေညာချက်တွေကို လွှမ်းမိုးထုတ်ပြန်လိုက်သည်လို့ မပါထားဘူး။အဲဒီတော့ ၂ခုလုံး အကျိုးသက်ရောက်မှုရှိနေတာလား ။ ကျွန်မတို့ကတော့ တတ်နိုင်သမျှ အချိန်နဲ့တပြေးညီ UEC ကထုတ်ပြန်တာတွေကို ကိုယ်စားလှယ်လောင်းတွေ မဲရုံစောင့်ကြည့်သူတွေကို ပို့ပေးပါတယ် " လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ(၄)ဒေါ်ငုဝါဝင်းက Duwunကို ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသက်(၆၀)နဲ့အထက်သက်ကြီးရွယ်အိုတွေကို အောက်တိုဘာလ၂၉ရက်ကစတင်ပြီး ကြိုတင်မဲကောက်ခံခဲ့ရာမှာတော့ မဲမသမာမှု နဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်နေပြီး နိုင်ငံရေးပါတီတွေအနေနဲ့လည်း သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်တွေကတဆင့် ကန့်ကွက်မှုတွေ ပြုလုပ်နေကြသလို ကော်မရှင်တွေက အရေးယူဆောင်ရွက်မှုတွေ ရှိနေတာကိုလည်း တွေ့ရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က