တပ်နဲ့ပတ်သက်တဲ့မဲရုံပေါင်းတစ်ရာဝန်းကျင်ရှိ မှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီကနေသိရပါတယ်။

မန္တလေးရွှေနန်းတော်ကြီးထဲမှာ တပ်ဆွဲထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က တပ်မတော်သားမဲဆန္ဒရှင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်ပြင်ပမဲရုံတွေမှာ မဲပေးကြရတော့မှာ ဖြစ်ပါတယ်။

ဒီအတွက်လည်း ရွှေနန်းတော်ကြီးလေးဘက်လေးတန်ရဲ့အဝင်ပေါက်တံခါးတစ်ခုစီအနီးမှာ ယာယီတပ်မဲရုံတစ်ရုံစီ စုစုပေါင်း ၄ ရုံတည်ဆောက်နေပြီး အဲဒီတပ်မဲရုံတွေမှာ တပ်မတော်သားမဲဆန္ဒရှင်ငါးထောင်ကျော်မဲပေးဖို့ရှိတယ်လို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က Duwun ကိုပြောပါတယ်။



"အဲဒီမှာက မဲရုံ ၄ ရုံရှိမှာပါ၊ တပ်မတော်မဲဆန္ဒရှင်ငါးထောင်ကျော်အတွက် မဲရုံ ၄ ရုံပြင်ဆင်နေတာပါ၊ ဒီမဲရုံတွေအတွက် ကော်မရှင်ကစရိတ်ထုတ်ပေးပြီး တပ်ကဦးဆောင်ဆောက်လုပ်တာပါ" လို့ ဦးညီညီအောင်ကပြောပါတယ်။ မန္တလေးရွှေနန်းတော်ကြီးက အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်အပိုင်နယ်မြေထဲမှာပါဝင်တာဖြစ်ပြီး ဒီအတွက်လည်း ဒီကနေ့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ အဲဒီမဲရုံတွေဆီကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။ 

"ကျွန်တော်တို့က ဒီနေ့လိုက်စစ်ဆေးတာပါ၊ တပ်မဲရုံတွေမှာ မဲရုံအင်္ဂါရပ်နဲ့အညီတည်ဆောက်ထားတာဟုတ်မဟုတ်၊ ဘာတွေလိုအပ်ချက်တွေရှိသလဲ ပေါ့၊ မြို့နယ်ကော်မရှင်နဲ့လိုက်စစ်ဆေးတာပါ"လို့လည်း ဥက္ကဋ္ဌဦးညီညီအောင်ကပြောပါတယ်။ မန္တလေးရွှေနန်းတော်ကြီးထဲက တပ်မတော်သားမဲဆန္ဒရှင်တွေဟာ အရင်ရွေးကောက်ပွဲတွေတုန်းကတော့ တပ်ထဲမှာပဲဆန္ဒမဲပေးကြရတာဖြစ်ပါတယ်။

ယခု၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်းပြင်ဆင်ခဲ့တဲ့ဥပဒေကြောင့် တပ်မတော်သားမဲဆန္ဒရှင်တွေ တပ်ပြင်ပမဲရုံတွေမှာ မဲပေးကြဖို့ဖြစ်လာတာပါ။ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တပ်မတော်သား မဲဆန္ဒရှင်ငါးထောင်ကျော်အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၄၆ သိန်းကျော်ရှိမှာဖြစ်ပြီး မဲရုံပေါင်း ၅၄၄၆ ရုံမှာ တပ်နဲ့ပတ်သက်တဲ့ မဲရုံပေါင်းတစ်ရာဝန်းကျင် ရှိမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီကနေ သိရပါတယ်။

Share

က္က