ပြည်သူလူထုကို ပါတီက မေတ္တာရပ်ခံပန်ကြားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံနဲ့ကိုက်ငါးရာအတွင်း ဒေါက်ဖိနပ်ပုံပါ လော့ကတ်သီး၊ နားဆွဲတွေကစလို့ အန်အယ်လ်ဒီအမှတ်အသားပါ ဘယ်လိုအဝတ် အထည်အဆောင်အယောင်တွေကိုမှ ဝတ်ဆင်တပ်ဆင်မလာကြဖို့ အန်အယ်လ်ဒီပါတီ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြည်သူလူထုကိုမေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

"အဲဒီနေ့မှာ ဒေါက်ဖိနပ်ပါတဲ့အင်္ကျီတို့ဘာတို့တောင်မဝတ်ဆင်လာကြဖို့ မန္တလေးတိုင်းရုံးက မေတ္တာရပ်ခံတာပါ၊ ပြည်သူလူထုကဝတ်ဆင်လာ တာတွေတွေ့ရင်လည်း ကျွန်တော်တို့ကတောင်းပန်မေတ္တာရပ်ခံသွားမှာပါ၊ မဲရုံပရဝုဏ်ထဲဝင်မလာဖို့ကို မဲရုံကိုယ်စားလှယ်တွေရှိတယ်၊ မဲရုံနဲ့ ကိုက်ငါးရာအတွင်းမှာ ပါတီရဲ့ဝန်းရံသူတွေကလည်း ဒေါက်ဖိနပ်အမှတ်တံဆိပ်ပါတဲ့ရင်ထိုးထိုးထားတာ ဖုန်းကာဗာမှာကပ်ထားတာတို့တွေ့ရင် တောင်းပန်ပြီးတော့တားကြမှာပေါ့ဗျာ" လို့ အန်အယ်လ်ဒီပါတီ မန္တလေးတိုင်းဒေသကြီးမှ မဟာအောင်မြေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့မှူးဦးရဲမင်းဇော်ကပြောပါတယ်။ ဒါဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့သတိပေးချက်လိုမျိုးမဟုတ်ဘဲ အန်အယ်လ်ဒီပါတီကိုထောက်ခံဝန်းရံကြသူပြည်သူလူထုကို ပါတီက မေတ္တာရပ်ခံပန်ကြားတာဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။



နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးအသီးသီးက ပါတီအောင်နိုင်ရေးမဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့ကြတာမှာ အန်အယ်လ်ဒီပါတီ အနေနဲ့တော့ ဝန်းရံသူအင်အား များပြားခဲ့တာကိုတွေ့ရပြီး ရပ်ကွက်ကျေးရွာတချို့မှာဆိုရင် ရပ်ကွက်ကျေးရွာအဝင်လမ်းမကြီးတွေ လမ်းအတွင်းပိုင်းနဲ့ လမ်းသွယ်တွေမှာ အန်အယ်လ်ဒီအမှတ်တံဆိပ်အလံငယ်တွေတန်းစီချိတ်ဆွဲတာ၊ ပါတီထိပ်တန်းခေါင်းဆောင်တွေရဲ့ရုပ်ပုံပါပန်းချီကားနဲ့ဓာတ်ပုံတွေချိတ်ဆွဲတာတို့နဲ့ ဝန်းရံထောက်ခံကြောင်းပြသခဲ့ကြပါတယ်။ ပါတီအနေနဲ့ဝန်းရံသူတွေကိုတားမြစ်ရာမှာ ဖုန်းမြည်သံပြောင်းရန်နဲ့ တက်တူးတွေကို ဖုံးကွယ်ထားဖို့အတွက်ပါ သတိပေးထားပါတယ်။ 

"ဖုန်းမြည်သံတွေမှာ အောင်နိုင်ရေးသီချင်းတွေပါတယ်ဆိုတော့ မဲပေးသွားရင်းဖုန်းအသံမြည်သွားတာတွေဖြစ်လာရင် တစ်ဘက်ကတိုင်တာတောတာလုပ်ရင်ရတဲ့အနေအထားမျိုးဖြစ်သွားပြီလေ ကိုယ့်ဘက်ကဥပဒေဘောင်ထဲကဖြစ်အောင်လို့ ကြိုကာထားတဲ့သဘောပါပဲ" လို့လည်း ၎င်းကပြောပါတယ်။

အန်အယ်လ်ဒီပါတီ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ မဲဆန္ဒရှင်ပြည်သူများသို့မတ္တာရပ်ခံပန်ကြားချက်မှာတော့ မနက်ဖြန်နိုဝင်ဘာလ ၆ ရက်နေ့ည ၁၂ နာရီကနေ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီအချိန်အထိ မဲရုံနဲ့ကိုက်ငါးရာအတွင်း မိမိတို့နေအိမ် ဈေးဆိုင် အဆောက်အဦတွေမှာတပ်ဆင်ထားတဲ့ အန်အယ်လ်ဒီအလံတွေကိုပြန်ဖြုတ်သိမ်းထားကြဖို့၊ လမ်းတွေမှာတပ်ဆင်ထားတဲ့ စက္ကူအလံတွေကို ကြိုးနဲ့ဆွဲထားတာတွေလည်း ပြန်ဖြုတ်သိမ်းကြဖို့၊ ရွေးကောက်ပွဲကျင်းပနေတဲ့နေ့မှာအန်အယ်လ်ဒီအမှတ်အသား တံဆိပ်နဲ့ ပါတီအကြီးအကဲတို့ရဲ့ရုပ်ပုံတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ဓာတ်ပုံတွေ၊ စတစ်ကာတွေကပ်ထားတဲ့စက်ဘီးဆိုင်ကယ်တွေအပါအဝင် စက်တပ်ယာဉ်တွေ မဲရုံနဲ့ကိုက်ငါးရာအတွင်း လုံးဝ(လုံးဝ) စီးနင်းသွားလာခြင်း မပြုလုပ်ကြဖို့၊ မဲရုံဆီကြိုပို့လုပ်မယ့်ယာဉ်တွေမှာ အန်အယ်လ်ဒီအမှတ်တံဆိပ်မှန်သမျှ ကျန်မနေရအောင်အခုကတည်းကကြိုခွာထားကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံလွှာပါတဲ့ အန်အယ်လ်ဒီပါတီနဲ့သက်ဆိုင်တဲ့အမှတ်အသားတွေပါတဲ့ အင်္ကျီ ဦးထုပ်၊ လက်ပတ်၊ ရင်ထိုး၊ ဆံညှပ်၊ နှာခေါင်းစည်းအမျိုးမျိုး ဝတ်ဆင်ပြီးတော့၊ အဲဒီအမှတ်အသားတွေပါတဲ့ လက်ကိုင်တယ်လီဖုန်းတွေကိုင်ဆောင်ပြီးတော့မသွားကြဖို့၊ အန်အယ်လ်ဒီပါတီနဲ့ပတ်သက်တဲ့ဖုန်းမြည်သံကိုတောင် အခြားဖုန်းသံနဲ့ပြောင်းလဲထားကြဖို့၊ နောက်ပြီးတော့ ဒေါက်ဖိနပ်အမှတ်အသား လော့ကတ်သီးတွေ၊ နားဆွဲတွေကစလို့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ရင်ထိုးတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှတ်သင်္ကေတလို့လူအများကအသိအမှတ်ပြုထားတဲ့ပစ္စည်းတွေကို ဝတ်ဆင်ယူဆောင်သွားလာခြင်းမပြုကြဖို့၊ ဒါ့အပြင် ခန္ဓာကိုယ်ပေါ်မှာလည်း အလားတူအမှတ်အသားသင်္ကေတတွေပါတဲ့ဆေးမင်ကြောင်တတ်တူးတွေရေးထိုးထားတာရှိရင် လုံခြုံစွာဖုံးအုပ်ပြီးမှ သွားလာကြဖို့၊ အဲဒီနေ့တစ်ရက်လုံး အန်အယ်လ်ဒီပါတီနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ အသံတွေကို လုံးဝမထုတ်လွှင့်မဖွင့်ကြဖို့ ပါရှိပါတယ်။

Share

က္က