ကမာရွတ်တစ်မြို့နယ်လုံးမှာ မဲဆန္ဒရှင်တစ်သောင်းကျော်ရှိတာဖြစ်ပါတယ်။

အောက်တိုဘာလ (၂၉)ရက်ကနေ နိုဝင်ဘာလ(၅)ရက်အထိ အသက်(၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေကို ကြိုတင်မဲကောက်ယူရာမှာ ကမာရွတ်မြို့နယ်အတွက် (၇၀၀၀)ကျော်မဲပေးခဲ့ပြီး အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူမှု ပြီးစီးသွားပြီဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ အသက်(၆၀) နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ တစ်သောင်းကျော်ထဲက (၇၀)ရာနှုန်းမဲပေးခဲ့ကြပြီး ခရီးလွန်နေသူတွေ ၊ သေဆုံးသွားသူတွေ ၊ ပြောင်းရွှေ့သွားသူတွေနဲ့ နိုဝင်ဘာလ (၈)ရက်နေ့မှ မဲရုံမှာသွားပေးမယ့်သူတွေပဲ ကျန်ရှိနေတာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။



" အားလုံး မဲရုံ (၃၇)ရုံရှိပါတယ် ။ (၃၇) နေရာကို တောက်လျှောက်ယူခဲ့ပါတယ် ။ ကျွန်တော်တို့မြို့နယ်မှာ တစ်သောင်းကျော် ပေးရမယ့်အထဲမှာ အခု (၇၀)ရာနှုန်းကျော် ပေးပြီးသားဖြစ် ပါတယ်။တစ်ချို့တွေကလည်း မူလမဲစာရင်းမှာပါပေမယ့် သေဆုံးသွားတာရှိသလို အိမ်ပြောင်းရွှေ့သွားသူတွေလည်းရှိပါတယ် ။ တစ်ချို့ကလည်း ကျန်းမာရေးကောင်းနေတာဖြစ်တဲ့အတွက် (၈)ရက်နေ့မှ သူတို့ကိုယ်တိုင် သွားပေးလိုတဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့်တော့ ပေးနိုင်တဲ့သူတွေ ၊ ပေးချင်တဲ့လူတွေကို အားလုံးတော့ ရယူပြီးတဲ့အခြေအနေမျိုး ရှိနေပါပြီ။ခရီးလွန်နေတဲ့သူတွေ ၊ ပြန်လာလို့မရတဲ့သူတွေ ၊ သေဆုံးသွားသူတွေ ၊ ပြောင်းရွှေ့သွားသူတွေလောက်ပဲ ကျန်ပါတော့တယ် " လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း (ကမာရွတ်မြို့နယ်တွင် အသက်(၆၀)အထက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနေစဉ် )

လက်ရှိအချိန်အထိ ကြိုတင်မဲကောက်ယူတဲ့လုပ်ငန်းစဉ်မှာတော့ နိုင်ငံရေးပါတီတွေနဲ့ ကြီးကြီးမားမားအငြင်းပွားတဲ့ ကိစ္စရပ်တွေ ၊ မဲမသမာမှုတွေတော့ ကမာရွတ်မြိ့နယ်မှာမရှိသေးဘူးလို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

ဒါပေမယ့် ကမာရွတ်မြို့နယ် ၊ အသက်(၆၀)အထက် ကြိုတင်မဲကောက်ယူမှုရဲ့ မြေပြင်အနေအထားမှာတော့ ကိုဗစ်စည်းကမ်း ၊ ဒီမိုကရေစီအရည်အသွေးနဲ့ပတ်သက်ပြီး ပြဿနာတွေ အများကြီးတွေ့ရှိထားတယ်လို့ ပြည်သူ့ပါတီ ၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေယံဦးက Duwun ကို ပြောပါတယ်။

" ဒီပြဿနာတွေနဲ့ပတ်သက်လို့ လက်ရှိတော့ အထောက်အထားတွေစုနေတယ် ၊ပါတီတွင်းမှာ ဆွေးနွေးမယ် ကမာရွတ်မြို့နယ် အနေနဲ့ပေါ့နော် ။ ဘယ်အထောက်အထားတွေကတော့ ကန့်ကွက်ဖို့ခိုင်လုံလဲ ၊ ဘယ်အထောက်အထားတွေက ကန့်ကွက်ဖို့ မခိုင်လုံဘူးလဲ ။ ဒါတွေကို အသေးစိတ်ထပ်ဆွေးနွေးဖို့ လိုနေပါသေးတယ် " လို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေယံဦးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း (ကမာရွတ်မြို့နယ်တွင် အသက်(၆၀)အထက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနေစဉ် )

အောက်တိုဘာလ ၂၉ရက်ကနေ စတင်တဲ့ ကြိုတင်မဲကောက်ယူမှုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေ မသမာမှုတွေကို မြို့နယ်အလိုက် ညှိနှိုင်းဖျန်ဖြေရေးကော်မတီတွေက ဖြေရှင်းဆောင်ရွက်နေသလို ဥပဒေနဲ့ငြိစွန်းတဲ့ကိစ္စရပ်တွေအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်အလိုက် ဖြေရှင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ (၈) ရက်မှာ ကျင်းပမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေ၊ မဲဆန္ဒနယ်ပြင်ပရောက် မဲပေးရမယ့်သူတွေနဲ့ ကွာရန်တင်းစင်တာတွေကို ရောက်ရှိနေသူတွေကို အောက်တိုဘာ (၂၉) ရက်ကစပြီး ကြိုတင်မဲတွေ ကောက်ခံပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က