အသံမိုင်းဟုယူဆရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ အောက်တိုဘာ (၆) ရက် မွန်းလွဲ (၃) နာရီခန့်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မှန်တစ်ချပ် ကွဲသွားခဲ့တယ်လို့ ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသက်နောင်ကပြောပါတယ်။



အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သိရပြီး အခုလိုလုပ်ကြံမှုဟာ ရွေးကောက်ပွဲကို အနှောက်ယှက်ပေးချင်တဲ့ သဘောမျိုးနဲ့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဦးမင်းသက်နောင်က သုံးသပ်ပြောဆိုပါတယ်။

Photo - Than Win Naing

 “ဗုံးရယ်တော့မဟုတ်ဘူး။ အသံမိုင်းသဘောမျိုးပဲ။ အသံကျယ်တယ်။မီးခိုးထွက်တယ်။ လူတော့ထိခိုက်မှုရှိမရှိဘူး။ မှန်တစ်ချပ်ကွဲတယ်။ လက်ရှိမှာတာဝန်ရှိသူအကုန်ရောက်နေတယ်။ မိုင်းရှင်းနေတယ်။ ရဲတပ်ဖွဲ့တွေလည်းရောက်နေတယ်။ဗုံးက အပြင်မှာပေါက် တာပါ။ မြောင်းနဲ့အဆောက်အဦးကြားထဲပေါက်တဲ့အနေအထားပါ။ ထောင်ချင်တဲ့လူကထောင်တာပေါ့။ ကျွန်တော်တို့ တိုင်းရုံးလည်းဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်စေချင်တဲ့သေ ဘာ မျိုး သက်ရောက်မယ်ထင်ပါတယ်။ ဘာလို့ဆို အရင်တုန်းက လူဝင်လူထွက်မရှိတဲ့နေရာလေ။ ရွေးကောက်ပွဲနီးမှ လူများတဲ့အခါကျတော့ ရွေးကောက်ပွဲကိုနှောက်ယှက်တဲ့သဘောနဲ့လုပ်တယ်လို့ယူဆတယ်။ အရှေဲ့မှာ ဟိုတယ်လိုလို အဆောက်အဦးမှာ စီစီတီဗွီတပ်ထားတယ်။ ဒါကိုရဲမှတ်တမ်းအရယူမယ်” တိုင်းရွေးကော် အတွင်းရေးမှူး ဦးမင်းသက်နောင်ကပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေ ရောက်ရှိ နေပြီး စစ်ဆေး မှုတွေလုပ်ဆောင်နေကြောင်း ၊ cctv မှတ်တမ်းလည်း ရယူဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Photo - Than Win Naing

အခင်းဖြစ်ရာနေရာကိုရောက်ရှိနေတဲ့ ပဲခူးဒေသခံ ကိုသန်းဝင်းနိုင်ကိုဆက်သွယ်မေးမြန်းခဲ့ရာ ” ၂ နာရီ ၄၅ လောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ ဖြစ်တာက ရပ်ကွက်ကြီး ၇ အုန်းတောလမ်း ၊ တိုင်းကော်မရှင်ရုံး ပါ။ အခုလက်ရှိမှာကတော့ စစ်တပ်နဲ့ရဲတွေလည်းရောက်နေတယ်။ ဗုံးထပ်ရှိအုံးမလားဆိုပြီး ရှာဖွေရေးကိရိယာတွေနဲ့ ရှာဖွေမှုတွေလုပ်နေတယ်။”လို့ ပြောပါတယ်။

ပေါက်ကွဲမှုကိုလုပ်ကြံသူဟာ ပုံးတစ်ခုခုထဲမှာ စာရွက်တွေထည့်လာပြီး လာချထားတာဖြစ်နိုင်ကြောင်း ၊ ဒါကြောင့်သာပေါက်ကွဲမှုဖြစ်ပြီး စာရွက်စာတန်းတွေ ပြန့်ကျဲထွက်ကုန်တာဖြစ်နိုင်တယ်လို့ ဦးမင်းသက်နောင်က သုံးသပ်ပြောပါတယ်။ 

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်ခင် အခုလိုပေါက်ကွဲမှု ဖြစ်ပွားရတာဖြစ်ပြီး ပြီး ခဲ့တဲ့ စက်တင်ဘာ (၁၉) ရက်နေ့ညပိုင်းကလည်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ရဲ့ နေအိမ်မှာလည်း လက်ပစ်ဗုံးတစ်ခုပစ်ခံရမှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က