မဟုတ်မမှန်ပြောဆိုပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ကိစ္စအတွက် အဲ့ဒီပါတီဝင် နှစ်ဦးကို ဒီကနေ့ မနက်မှာပဲ ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြည်အညိုပျက်အောင်မမှန်မကန် လုပ်ကြံဝါဒဖြန့်ပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ USDP ပါတီဝင် နှစ်ဦးကို ရုံးဒေါင့်နယ်မြေ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။


ကျုံတုံးတမံကျေးရွာမှာ မဲဆွယ်စည်းရုံး ပြုလုပ်စဉ် "ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီး အခုမြန်မာနိုင်ငံတွင် ဒေါ်အီစလီကို အတုလုပ်ထားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ရွှေသေတ္တာ လေးလုံး၊ ဘာသာခြား လေးဦးဖြင့် နိုင်ငံခြားကို ပြန်သွားပြီ"လို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်အောင်စုဆန်းကြည်မဲနိုင်ပါက ဘာသာခြားတွေ တက်လာတော့မှာဖြစ်ပြီး သမီးပျိုများရှိတဲ့ အိမ် တစ်အိမ်ကို ဘာသာခြား နှစ်ယောက်ဖြင့် ကလေးမွေးပေးရမှာဖြစ်တယ်လို့ မဟုတ်မမှန်ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်တယ်လို့ ကျုံတုံးတမံကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှသိရပါတယ်။


ဒီကိစ္စ နဲ့ပတ်သက်ပြီး ကျုံတုံးတမံကျေးရွာမှ NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်တင်တင်မူက"ဒေါ်အောင်ဆန်းစုကြည် သေသွားပြီး အခုမြန်မာနိုင်ငံမှာ ဒေါ်အီစလီကို အတုလုပ်ပြီး ထားခဲ့တာမျိုးလည်း ပြောတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ရွှေသတ္တာ လေးလုံးနဲ့ ဘာသာခြား လေးယောက်နဲ့အတူ နိုင်ငံခြားကိုထွက်သွားပြီး NLD နိုင်ရင်အိမ်မှာရှိတဲ့သမီးပျိုတွေက မဖြစ်မနေ ဘာသာခြား နှစ်ယောက်မွေးပေးရမယ်။ အခြေအနေ မကောင်းတော့ဘူး ကြံ့ခိုင်ရေးပဲ မဲထည့်ပေးပါလို့ ကျုံတုံးတမံ ကြံ့ခိုင်ရေး ရပ်/ကျေး ဥက္ကဌ ဦးမြစိုးက မဲဆွယ်ခဲ့တာပါ"လို့ပြောပြပါတယ်။ ဒါကြောင့် မဟုတ်မမှန်ပြောဆိုပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ကိစ္စအတွက် အဲ့ဒီပါတီဝင် နှစ်ဦးကို ဒီကနေ့ မနက်မှာပဲ ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ကျုံးတုံးတမံကျေးရွာ မှာမဲဆွယ်စည်းရုံးရေးကို နိုဝင်ဘာ ၄ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

က္က