ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဦးကျော်သူ နဲ့ ထွန်းကိုကို တို့ကတော့ ဒီနေ့မှာ အိမ်ပြန်ခွင့်ရပြီလို့ ဦးကျော်သူက ဝမ်းသာအားရပြောလာခဲ့ပါတယ်။
Photo: Kyaw Thu
ဦးကျော်သူနဲ့ ထွန်းကိုကို တို့ကတော့ ဝေဘာဂီဆေးရုံကနေ အိမ်ပြန်ခွင့်ရပြီလို့ ဦးကျော်သူက ဝမ်းသာအားရပြောလာပါတယ်။ ဝေဘာဂီဆေးရုံမှာ (၁၈) ရက်အကြာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး အလှူအတန်းတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဦးကျော်သူရဲ့ သတင်းစကားကြောင့် ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
" Fighting အသင့် ! အသင့် ! Fighting.အားလုံး မင်္ဂလာပါခင်ဗျာ။ကျော်နဲ့ထွန်း အိမ်ပြန်ခွင့် ရပါပြီခင်ဗျား။ကိုဗစ်ကူးဆက်မှုကြောင့် ရက်ပေါင်း (၁၈)ရက်တိတိ ဝေဘာဂီဆေးရုံမှာ ကုသမှုခံခဲ့ရပါသည်။ ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန်ထမ်းများ၊ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့အတွက် အဟာရဒါနပြုကြသော အလှူရှင်အပေါင်းတို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော ညီ၊ ညီမငယ် အနုပညာရှင် များ၊ပရဟိတသမားများ၊မိတ်ဆွေသင်္ဂဟများ၊ပြည်သူလူထုအပေါင်းအပြင်နေ့စဉ် ယနေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓုဟုခေါ်ဆိုလိုက်ပါသည်" ဆိုပြီးတော့ နိုဝင်ဘာလ (၇) ရက်နေ့ မနက် (၁၀) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Kyaw Thu
ဦးကျော်သူ အနေနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ အချိန်မှာ သွေးရည်ကြည်ကုထုံး နှစ်ကြိမ် လုပ်ခဲ့ရတာ ဖြစ်သလို သွေးရည်ကြည် လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါသေးတယ်။
Photo: Kyaw Thu
ဦးကျော်သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့ ကတည်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရလို့ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။သူကိုယ်တိုင် ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။