ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း လာရောက်မဲပေးခဲ့ပါတယ်။ 

ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူမဲပေးချင်တာကြောင့် ကိုယ်တိုင်လာရောက်မဲပေးခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။



"ရဲဘော်ရဲဘက်တွေ၊ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ အတူတူ မဲပေးချင်လို့ အဓိက ဒီနေ့မှ မဲပေးတာပါ။ ကျွန်တော်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့။ နောက်တခါ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီပေါ့။ ကျွန်တော် အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ပါတီကို ကျွန်တော်ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့လည်း ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။" လို့ ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။



ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သွားမှာ မဟုတ်ဘူးလို့လည်း နေပြည်တော် ဇေယျာသီရိမြို့ အနော်ရထာရပ်ကွက်မှာ ရှိတဲ့ မဲရုံအမှတ် (၁) မှာ လာရောက်မဲပေးစဉ် ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်၊ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံစားနေရတဲ့သောကကို ဖြေသိမ့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲ။"

ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ တွေ့ဆုံတဲ့ online တွေ့ဆုံဆွေးနွေးပွဲမှာလည်း အရာရှိ၊ စစ်သည်၊ မိသားစုတွေအနေနဲ့ မဲပေးတဲ့အခါ လွတ်လပ်စွာ မဲပေးနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ 

နေပြည်တော် ဇေယျာသီရိမြို့နယ်ကို တပ်နယ်မြေလို့ သုံးနှုန်းပြောဆိုလေ့ရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်း ၈ သောင်းကျော်ရှိထားတယ်လို့ ဆိုပါတယ်။ ဇေယျာသီရိမဲဆန္ဒနယ်မြေမှာ တပ်အတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေဟာ ၂၀၆၀၀ ကျော် ရှိပြီး အနော်ရထာရပ်ကွက်မှာ တပ်မဲရုံ ၁၂ ရုံနဲ့ ကျန်စစ်သားရပ်ကွက်မှာ တပ်မဲရုံ ၄ ရုံ စုစုပေါင်း တပ်မဲရုံ ၁၆ ရုံရှိတယ်လို့လည်း သိရပါတယ်။ 

Share

က္က