မဲစလစ်မပါလည်း မဲပေးခွင့်ရှိတယ်လို့ ခရိုင်ကော်မရှင်က ပြောပါတယ်

ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ ရောက်လာပေမယ့် မဲစလစ်စာရွက်ပါမလာတာကြောင့် မဲပေးခွင့်မရမှုများ ပြည်မြို့က မဲရုံတချို့မှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြည်မြို့ ၊ မြို့သစ် အမှတ် (၅) ကျောင်း ၊ အမှတ် (၄) မဲရုံမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်တချို့မှာ မဲစလစ်မပါခြင်းကြောင့် ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ မဲဆန္ဒရှင်တွေဆီက သိရပါတယ်။



"ကျွန်တော် မဲမထည့်ခဲ့ပါ။ ကျွန်တော်တို့ လင်မယားနှစ်ယောက်မှာ အမျိုးသမီးက မဲစလစ်ရတယ်။ ကျွန်တော်က မရဘူး။ မဲစလစ် မရလို့ သွားမေးတော့ မပါလည်း ထည့်လို့ရတယ်။ မှတ်ပုံတင်နဲ့ ထည့်ရတယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီနေ့ မနက်သွားတော့ ကျွန်တော်က မဲထည့်ခွင့်မရခဲ့ဘူး။ သေချာ ရှင်းပြပြောပြပေမယ့်လည်း မဲစလစ်မပါလို့ ဆိုပြီး မဲပေးခွင့်မပေးပါဘူး။ ကျွန်တော် ပြည်မြို့သားပါ။ မဲစာရင်း မပါစရာအကြောင်းမရှိဘူးဆိုပြီး စာရင်းတော့ ကျွန်တော်မစစ်လိုက်မိဘူး။ ခုကလည်း စာရင်းပါမပါ မစစ်ရဘူး။ စလစ်မပါလို့ ဝင်ခွင့်မရတာ"လို့ မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။

မဲပေးဖို့ စောင့်ဆိုင်းနေကြသည့် ပြည်သူများ


မဲစလစ် မပါတာကြောင့် ဆန္ဒမဲပေးခွင့်မရခြင်းအပေါ် မဲဆန္ဒရှင်နှင့် မဲရုံတာဝန်ရှိသူများအကြား အခြေအ‌တင် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတစ်ဦးကတော့ မဲစလစ်မပါလို့ မဲပေးခွင့်မရတဲ့ ကိစ္စဟာ တရားမဝင်ကြောင်းနဲ့ မဲစာရင်းမှာ အမည်စာရင်းပါဖို့သာ အဓိကဖြစ်တဲ့အတွက် မဲစာရင်းပါသူတိုင်း မဲပေးခွင့်ရှိတယ်လို့ ပြောပါတယ်။

"Voter Slip မပါလို့ မဲမပေးရဘူးဆိုတာ မရှိဘူး။ Voter Slip က မဲစာရင်းမှာ နာမည်ရှာလို့လွယ်အောင် ပေးတဲ့ ရည်ရွယ်ချက်။ မှတ်ပုံတင်တို့ ကတ်ပြားတစ်ခုခုတို့ ပြတာက တစ်မျိုး။ မဲစာရင်းမှာ ပါတဲ့သူက မဲပေးခွင့်ရှိတယ်။ မဲစာရင်းမှာ မပါလို့ ပေးခွင့်မရှိတာကတော့ မရဘူးပေါ့။ ဖြစ်နေတဲ့နေရာကို မြို့နယ်တာဝန်ရှိသူတွေ လွှတ်ပေးမယ်" လို့ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးဝေနော်က Duwun ကို ပြောပါတယ်။

မဲဆန္ဒရှင်တစ်ဦး မဲပေးနေစဉ်


တခြားမြို့နယ်များနည်းတူ ပြည်မြို့နယ်မှာလည်း မနက် ၆ နာရီ မဲရုံစဖွင့်ချိန်ကတည်းက ဆန္ဒမဲပေးနေကြတာ ဖြစ်ပြီး နေ့လည်ပိုင်းလောက်မှာ မဲလာပေးသူ နည်းလာနေတယ်လို့ သိရပါတယ်။ ပြည်မြို့နယ်မှာ မဲရုံပေါင်း ၂၀၉ ရုံရှိပြီး မဲဆန္ဒရှင် ၁၂၀၀ ကျော်တဲ့ မဲရုံတွေမှာ တပြိုင်တည်း လူနှစ်ဦး မဲပေးခွင့်ရအောင် ဆောင်ရွက်ထားမယ်လို့ ပြောထားပေမယ့် လက်တွေ့မှာ ဒီအတိုင်းဆောင်ရွက်ထားတဲ့ မဲရုံနည်းနေပါတယ်။

မဲပေးသူတွေဟာ Social Distancing စည်းကမ်းနဲ့အညီ တစ်ဦးနဲ့တစ်ဦး ၆ ပေခြား နေထိုင်မှု အားနည်းနေတာ တွေ့ရပြီး မဲရုံတိုင်းမှာတော့ အပူချိန်တိုင်းပေးခြင်း ၊ Face Mask ဝေငှခြင်း ၊ Hand Gel နဲ့ လက်ဆေးပေးခြင်းများ လုပ်ဆောင်ထားပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။ 

Share

က္က