COVID-19 ကပ်ရောဂါကာကွယ်ရေး အစီအမံများ ထားရှိပြီး ပြဿနာကြီးကြီးမားမား မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပနေတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမှုအခြေအနေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE မှ တွေ့ရှိချက်တချို့ ထုတ်ပြန်ထားပါတယ်။

PACE ရဲ့ ထုတ်ပြန်ချက်အရ မဲရုံအားလုံးနီးပါး (၉၄%) မှာ COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များ သိသာထင်ရှားစွာ ကပ်ထားပြီး မဲရုံတွေရဲ့ ၉၈% မှာ လက်သန့်ဆေးရည်များ ၊ ၉၃% မှာ နှာခေါင်းစည်းများ ၊ ၈၇% မှာ ကိုယ်အပူချိန်တိုင်းတာခြင်းများ ၊ ၈၄% မှာ Social Distancing အမှတ်အသားများနှင့် ၂၃% မှာ လက်အိတ်များ စီမံဆောင်ရွက်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။




သို့သော်လည်း မဲရုံရဲ့ ၇%ပဲ COVID-19 သံသယရှိသူနှင့် ကိုယ်အပူချိန်မြင့်မားသူတွေများ ဆန္ဒမဲပေးဖို့ သီးခြားအခန်း/နေရာ စီစဉ်ထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။ မဲရုံမှူးတွေရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ၆၆%ဟာ အမျိုးသမီးတွေ ဖြစ်ပြီး မဲပေးချိန်မှာ မဲရုံအဖွဲ့ဝင်တွေရဲ့ ၆၆%ဟာလည်း အမျိုးသမီးတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မဲရုံတွေရဲ့ ၇၇% မှာ ကြိုတင်မဲစာရင်း (ပုံစံ ၁၃) ကို မဲရုံအပြင်ဘက်မှာ ကပ်ထားပြီး မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခဲ့သူတွေဟာ ပျမ်းမျှအားဖြင့် မဲဆန္ဒရှင်အားလုံးရဲ့ ၁၅% ရှိတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ မဲရုံစုစုပေါင်းရဲ့ ၈၄% ဟာ မနက် ၆ နာရီမှ ၆ နာရီခွဲအတွင်း မဲပေးမှုစတင်ခဲ့ကြပြီး မဲရုံအားလုံးနီးပါး (၉၉%) ဟာ မဲရုံစတင် ဖွင့်လှစ်ချိန်မှာ လိုအပ်တဲ့ ပစ္စည်းများ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။


PACE အဖွဲ့ဟာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုလုံးမှာ ရှိတဲ့ မဲရုံများကို စောင့်ကြည့်လေ့လာသူ ၁၈၈၈ ဦး စေလွှတ်လေ့လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အစောပိုင်းက မဲရုံအခင်းအကျင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခွင့်မရကြောင်း အစီရင်ခံသူ ၅% ရှိခဲ့တယ်လို့ PACE က ဆိုပါတယ်။

ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် စောင့်ကြည့်လေ့လာသူ ၂ ဦးမှ အပ အားလုံးနီးပါး လေ့လာခွင့်ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ PACE အဖွဲ့ဟာ ကျန်စောင့်ကြည့်လေ့လာသူ ၂ ဦးအတွက်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်သွယ်ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

Share

က္က