မူးယစ်ရမ်းကားသူတစ်ဦးနဲ့ ဖြစ်ပွားခဲ့တာလို့ ကနဦ်း သိရပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့မှာ ဒီနေ့ညနေ ၇ နာရီဝန်းကျင်က ပါတီထောက်ခံအားပေးသူများ စုရုံးရောက်ရှိနေချိန် ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ မဲစာရင်းများ ရေတွက်နေချိန် ညနေ ၆ နာရီခန့်က စပြီး ရာနဲ့ချီတဲ့ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့မှာ စုဝေးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ NLD ရုံးချုပ်ရှေ့မှာ သတင်းယူဖို့ ရောက်နေတဲ့ Duwun သတင်းထောက်ကိုကျော်ဇင်မန်းကတော့ လူတစ်ထောင်လောက် ရှိနိုင်တယ်လို့ ပြောပါတယ်။




"ကျွန်တော့်အထင်တော့ လူဦးရေတစ်ထောင်ကျော်လောက် အောင်ပွဲခံတဲ့အနေနဲ့ လာရောက်တာတွေ့ရပါတယ်။ ပထမတော့ သီချင်းတွေဖွင့်ပြီး အောင်ပွဲခံနေပေမယ့် အခုတော့ သီချင်းဖွင့်တဲ့ကားတချို့လည်း ပြန်ထွက်သွားပါပြီ။ ကျန်တဲ့သူတွေကတော့ အလံတွေ ဝှေ့ယမ်းပြီး ဆက်လက်အောင်ပွဲခံနေကြပါတယ်။" လို့ ကိုကျော်ဇင်မန်းက သတင်းပို့ပါတယ်။

NLD ရုံးချုပ်ရှေ့ စုရုံးထောက်ခံနေချိန်မှာ ရန်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ NLD အင်္ကျီဝတ်ထားသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေတာ ဖြစ်ပြီး တစ်ယောက်လဲကျသွားတာလည်း ‌တွေ့ခဲ့ရပါတယ်။ ရန်ပွဲမှာ ပါသူတစ်ဦးဟာ သောက်စားမူးယစ်ထားတယ်လို့လည်း ကနဦးသိထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကို Duwun က ဆက်သွယ်မေးမြန်းရာမှာတော့ "အောင်ပွဲသတင်းတွေကြားပြီးတော့ အပျော်လွန်ပြီး စုရုံးကြတယ်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာကြောင့်ဒီလိုလာရောက်စုရုံးကြလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ အိမ်မှာပဲနေနေတော့ မှတ်ချက်မပြုလိုပါဘူး"လို့ ဖြေကြားခဲ့ပါတယ်။



မူးယစ်ရမ်းကားခဲ့သူကို တာဝန်ရှိ ရဲနှစ်ဦးနှင့် ယာဉ်ထိန်းရဲများ ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပြီးနောက် အခြေအနေပြန်လည် တည်ငြိမ်ခဲ့ပါတယ်။ ဒီနောက်မှာ ယာဉ်ထိန်းရဲများမှ လုံခြုံရေးယူ ထိန်းပေးခဲ့ရပြီး NLD ရုံးချုပ်မှ တာဝန်ရှိသူများကလည်း ဒီညမှာ မဲစာရင်း‌တွေ ထုတ်ပြန်ကြေညာမှာ မဟုတ်ဘဲ မိမိအိမ်ကိုပြန်ပြီးပဲ မဲစာရင်းရလဒ် ထုတ်ပြန်တာကို စောင့်ဆိုင်းဖို့ တိုက်တွန်းပြီး လူစုခွဲခဲ့ပါတယ်။

လက်ရှိ ရန်ကုန်မြို့ပေါ်မှ မဲဆန္ဒနယ်အတော်များများ မဲရေတွက်ရာမှာ NLD ပါတီမှ အသာရနေတဲ့ အခြေအနေများ ပြနေတယ်လို့လည်း သိရပါတယ်။

Share

က္က