အရှေ့တောင်အာရှဒေသမှာ မြန်မာက စင်ကာပူကိုကျော်လွန်ပြီး တတိမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ သန်း ၅၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၁ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၅၀ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၂၅ သန်းကျော် (၁,၂၅၈,၂၃၅ ဦး) သေဆုံးခဲ့ပြီး ၃၅.၆ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ ၄၈ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၂ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ နိုဝင်ဘာ ၅ ရက်နေ့မှာ ၁,၂၃၁,၇၃၀ ဦးမှ ၄ ရက်အတွင်း ၂၆,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၅၀ ကျော်အနက် ၁၃.၅ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၀ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၄၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန်မှာ ယခုနောက်ဆုံး ခုနစ်ရက်အတွင်း နေ့စဥ် ကူးစက်ခံရသူဦးရေ သုံးရက်ဆက် ၁၀၀,၀၀၀ အထက် တိုးလာခဲ့ပြီး အများဆုံး စံချိန်တင်မှုတွေ တွေ့ရပါတယ်။ ထိုအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဝန်ထမ်းအဖွဲ့အကြီးအကဲ Mark Meadows ထံမှာ COVID-19 ကူးစက်ခံရမှု တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈.၅ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၂၆,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၇ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၆၂,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာ ကူးစက်မှုတွေ နေ့စဥ် ဆက်လက် မြင့်တက်နေပြီး သက်ဆိုင်ရာ အစိုးရတွေက ပိုမိုတင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်များ နောက်ထပ် ထုတ်ပြန်ကာ ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်နေကြပါတယ်။ ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။

(Photo: Reuters)

ဥရောပတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ ၃၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုတွေ တစ်ဟုန်းထိုး မြင့်တက်နေတဲ့ ဥရောပမှ ပြင်သစ်နိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ ၆၈,၄၈၆ ဦး တိုးလာခဲ့ပြီး နေ့အလိုက် အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ ဥရောပဒေသတွင်းရှိ ပေါ်တူဂီနိုင်ငံမှာလည်း ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း အနည်းဆုံး ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အာရှဒေသမှာလည်း အောက်တိုဘာ ၂၄ ရက်နေ့က ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၁၀ သန်းကျော်လွန်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးများအနက် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာပါတယ်။

(Image: MoHS)

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် မလေးရှားနိုင်ငံက ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စင်ကာပူကိုကျော်လွန်ပြီး တတိမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ‌ဒေသတွင်း နိုင်ငံများအနက် COVID-19 ကြောင့် သေဆုံးမှုမှာလည်း တတိယအများဆုံး ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၀၂၉ ဦးနဲ့ သေဆုံးသူ ၂၄ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၆၁,၃၇၇ ဦး၊ သေဆုံးသူ ၁,၄၂၀ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၄၅,၇၅၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

က္က