အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၁ သန်း တိုးလာခဲ့ပါတယ်။

COVID-19 တတိယလှိုင်း မြင့်တက်ဖြစ်ပွားမှု ကြုံနေရတဲ့ အမေရိကန်ဟာ ကမ္ဘာ့တစ်ဝန်းမှာ ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်ခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာကြောင်း Reuters သတင်းဌာနရဲ့ နိုဝင်ဘာ၈ ရက် စာရင်းကဖော်ပြပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ သန်း ၅၀ ကျော်လွန်ခဲ့တဲ့နေ့မှာပင် အမေရိကန်တစ်နိုင်ငံတည်းမှာ ကူးစက်မှု ၁၀ သန်းကျော်လွန်လာခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၁ သန်းတိုးခဲ့ရာ လွန်ခဲ့တဲ့ ရက်ပေါင်း ၂၉၃ ရက်က ဝါရှင်တန်ပြည်နယ်မှာ ပထမဆုံး ကူးစက်မှုတွေ့ခဲ့ရပြီးနောက်ပိုင်း အမြင့်ဆုံး ကူးစက်မှုနှုန်း ဖြစ်လာပါတယ်။



စနေနေ့ (နိုဝင်ဘာ ၇ ရက်) စာရင်းတွေအရ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁၃၁,၄၂၀ တိုးလာခဲ့ရာ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ကူးစက်မှု ၁၀၀,၀၀၀ အထက် တွေ့ရှိရမှု လေးရက်ရှိလာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာ နောက်ဆုံး ခုနစ်ရက်အတွင်း နေ့စဥ် ပျမ်းမျှ ကူးစက်မှုအသစ် ၁၀၅,၆၀၀ တိုးလာခဲ့ရာ အနည်းဆုံး ၂၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထိုအရေအတွက်ဟာ လတ်တလော အာရှနဲ့ ဥရောပမှာ ကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနဲ့ ပြင်သစ် နှစ်နိုင်ငံပေါင်းထက်လည်း ပိုများပါတယ်။ COVID-19 ကြောင့် အမေရိကန်မှာ လက်ရှိအချိန်အထိ လူဦးရေ ၂၃၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အမေရိကန်မှာ နေ့စဥ် ပျမ်းမျှ သေဆုံးမှုကို Reuters လေ့လာဆန်းစစ်မှုအရ တစ်ရက်လျှင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁၁ ဦးမှာ အမေရိကန်မှ ၁ ဦး ပါဝင်နေပါတယ်။

နိုဝင်ဘာ ၇ ရက်အထိ ထုတ်ပြန်ချက်အရ အမေရိကန်မှာ COVID-19 ကြောင့် နေ့စဥ် သေဆုံးသူ ငါးရက်ဆက်တိုက် ၁,၀၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေမှုအတွင်း သေဆုံးမှုတွေ သီတင်းလေးပတ်မှ ခြောက်ပတ်အထိ မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောထားပါတယ်။

(Photo: Reuters)

အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒန်ကတော့ COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကတိပြုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ COVID-19 လုပ်ငန်းအဖွဲ့ကို ယနေ့ (နိုဝင်ဘာ ၉ ရက်) ကြေညာသွားမှာဖြစ်ပြီး ခွဲစိတ်ကုဆရာဝန်ဟောင်း Vivek Murthy နဲ့ ယခင် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန ကော်မရှင်နာ David Kessler တို့က ဦးဆောင်မယ်လို့ သိရပါတယ်။

Share

က္က