ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို အလေးထားတယ်လို့ ဆိုပါတယ်

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် COVID-19 ကပ်ဘေးအကြားမှ ပါဝင်ဆောင်ရွက်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြည့်သူ့ရှေ့ဆောင်ပါတီ PPP မှ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ Facebook Page မှာ နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ ကျေးဇူးတင်လွှာတစ်စောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။



Source: PPP Facebook page

ဒီထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပေါ်နေသည့်ကြားမှပင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်မှ တာဝန်ရှိဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ ၊ လုံခြုံရေး တာဝန်ကျပုဂ္ဂိုလ်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များနဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူအပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။

အထွေထွေရွေးကောက်ပွဲစတင်တဲ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း သတင်းထောက်များနဲ့ တွေ့ဆုံချိန်မှာလည်း PPP ပါတီအနေနဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို လိုက်နာမယ်လို့ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

"နိုင်ငံရေးလုပ်တယ်ဆိုတာက ပြည်သူလူထုလက်ခံမှ ပေါ့နော်။ ပြည်သူလူထုထားတဲ့နေရာမှာ ကျွန်မတို့က နေမှာပါ။ ဒါ ပြည်သူလူထုက စုပေါင်းပြီး ဆုံးဖြတ်တဲ့နေ့ပေါ့နော်။ ပြည်သူတွေရဲ့ မဲတွေနဲ့ ပြည်သူရဲ့ ဆန္ဒကို ကျွန်မတို့က အလေးထားပါတယ်။ လိုက်မှာပါ" လို့ ဆိုပါတယ်။



နိုဝင်ဘာ ၉ ရက်နေ့မှာပဲ ပြည်သူ့ပါတီမှလည်း မဲဆန္ဒရှင်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင် ဂုဏ်ပြုပါကြောင်းနဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ရွေးကောက်ပွဲမဲရလဒ်စာရင်းတွေကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ လက်ရှိ ရွေးကောက်ပွဲအပြီး မဲရေတွက်မှုအခြေအနေတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ နေရာ ၃၂၂ နေရာထက် ၆၀ ကျော်လောက် ပိုပြီး အနိုင်ရနိုင်ဖို့ ရှိတယ်လို့ နိုင်ငံရေးသုတေသီ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ထားပါတယ်။ 

Share

က္က