ပဲခူးတိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်လုံးမှာ တိုင်းဒေသကြီးလွှတ်တော် ၅၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂၈ နေရာ ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတစ်နေရာနဲ့ အားလုံးပေါင်း ၉၇ နေရာဝင်ပြိုင်ရာမှာ အားလုံးအနိုင်ရရှိတာဖြစ်တယ်လို့သိရပါတယ်။
“၂၈ မြို့နယ်လုံးမှာ ပြည်သူ့လွတ်တော် ၂၈ ၊ အမျိုးသားလွှတ်တော်၁၂ နေရာ ၊ တိုင်းဒေသကြီး ၅၆ နေရာရှိတော့ အားလုံး ၉၆ နေရာနဲ့ က ရင်တိုင်းရင်းသားဝန်ကြီးကတစ်နေရာ စုစုပေါင်း ၉၇ နေရာပေ့ါ။ ကရင်တိုင်းရင်းသားဝန်ကြီးကတော့ တစ်တိုင်းလုံးအတိုင်းတာအနေနဲ့နိုင်သွားတယ်။ အကုန်လုံးနိုင်ချေရှိတယ်သတင်းရထားပြီ။ အဖိတ်အစင်မရှိဘူးတစ်နေရာမှာ ။ အစိုးရပြန်ဖွဲ့တဲ့အခါ အပြောင်းအလဲတွေရှိနိုင်ပါတယ်။”လို့ တိုင်းပါတီဥက္ကဋ္ဌဦးသိန်းတန်ကပြောပါတယ်။
မဲစာရင်းရလဒ်တွေကတော့ လက်ရှိမှာ အားလုံးရေတွက်ပြိးဖြစ်ပေမယ့်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွေကနေ ခရိုင်အဆင့်အထိ အစုံမရောက်သေးတာကြောင့် ကော်မရှင်ဘက်ကနေ တရားဝင်ထုတ်ပြန်မှုနိုင်မှုတော့မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြိး သာယာဝတီရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝေနော်ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ ဆရာတို့ခရိုင်ထဲ့ မြို့နယ် ၈ မြို့နယ်ထဲမှာ ၄ မြို့နယ်ကတော့တက်လာပြီး လက်ပံတန်း၊ ဇီးကုန်းနဲ့နောက် ၂ မြို့နယ်ပေါ့။ အာ းလုံးက NLD အနိုင်ရပါတယ်။ကျန်တာတွေကတော့ မြို့နယ်တွေကန မလာသေးပါဘူး။”လို့ ပြောပါတယ်။
ထို့အတူ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီ ဆက်သွယ်ခဲ့ရာမှာလည်း မြို့နယ်ကော်မရှင်တွေကနေ ရွေးကောက်ပွဲရလဒ်တင်ပြလာမှုတွေမရှိသေးတာ ကြောင့် တောင်းခံထားဆဲအခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ကော်မရှင်တွေဘက်နေ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် သက်ဆိုင်ရာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းတွေအရ NLD ပါတီဟာ နေရာအားလုံးမှာအနိုင်ရထားတယ်ဆိုတာကို သိရှိထားပြီးဖြစ်တယ်လို့ လက်ရှိ ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ ဒေါက်တာစောညိုဝင်းကပြောဆိုပါတယ်။
ဒါ့အပြင် ပြည်မြို့မှာ တိုင်းဒေသကြီးလွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း “ပဲခူးအနောက်ခြမ်း အကုန်ပြိုင်တာ အကုန်နိုင်ပါတယ်။ အခု ကျွန်တော် ရွေးကောက်ပွဲကော်မရှင်မှာရောက်နေပါတယ်။ ပြည်တောင်မှခုမှ ပုံစံ ၁၉ လက်မှတ်ထိုးရမှာ ။ ကိုယ်စားလှယ်အားလုံးက လက်မှတ်ထိုးရတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက လက်မှတ်ထိုးပြီးမှ ကြေညာတဲ့စာရင်းထဲပါမှာဖြစ်တယ်။ မြို့နယ် နည်းနည်းကျဉ်းတဲ့နေရာတွေကတော့ လက်မှတ်အကုန်ထိုးပြီးကုန်ပြီ”လို့ ပြောပါတယ်။
ပြည်မြို့နယ်ထဲမှာတော့ ယခင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာအနိုင်ရရှိထားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ်တွေကပဲ ၂၀၂၀ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အမတ်အားလုံး ထပ်မံအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်းမှာ မဲပေးခွင့်ရှိသူပေါင်း ၃၈ သိန်းကျော်ရှိပြီး မြို့နယ်က ၂၈ မြို့နယ်၊ ခရိုင်က ၄ ခရိုင် ရှိပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share