ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အတွင်းက တပ်မတော်သားမဲဆန္ဒရှင်တွေမဲပေးရတဲ့မဲဆန္ဒနယ်မြေတစ်ချို့မှာလည်း NLD အနိုင်ရခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မဲရုံတွေတပ်ပြင်ထုတ်လိုက်တဲ့အကျိုးဆက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းတွေ တပ်ထောက်ခံမဲရရှိမှုမြင့်တက်ခဲ့ပါတယ်။

၁၉၉၀ နောက်ပိုင်း ရွေးကောက်ပွဲအဆက်ဆက်မှာ တပ်မတော်သားမဲဆန္ဒရှင်တွေဟာ တပ်တွင်းမဲရုံတွေမှာသာ မဲပေးကြရတာဖြစ်ပြီး မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေတပ်ပြင်ထုတ်ရမယ်ဆိုတဲ့ ဒုတိယအကြိမ်လွှတ်တော်ကပြင်ဆင်သတ်မှတ်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေကြောင့် အခုလိုမဲရလဒ်ပြောင်းသွားတာလည်းဖြစ်ပါတယ်။



ဒါနဲ့ပတ်သက်လို့လည်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ကနေဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းလည်းဖြစ်၊ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာလှမိုးက "၂၀၁၅ တုန်းက ကျွန်တော့မဲဆန္ဒနယ်မှာ တပ်မဲရုံများထဲကမဲဆန္ဒရှင် ၆၈၀၀ ကျော်မှာ စုစုပေါင်း ၃ မဲသာရခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ တပ်မဲရုံမဲဆန္ဒရှင် ၅၈၀၀ ကျော်မှာ မဲပေးထောက်ခံဆန္ဒမဲ ၄၀၀ ကျော်ရရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒေါက်တာလှမိုးက ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အောင်မြေသာစံမြို့နယ်ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း အခုလိုပဲပြောပါတယ်။

"ကျွန်တော့မြို့နယ်ထဲမှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၈၆၃၂၃ ဦးရှိပါတယ်၊ အဲဒီထဲမှာ မဲလာပေးသူက တစ်သိန်းလေးသောင်းကျော်ရှိပါတယ်၊ အဲဒီအထဲမှာမှ ကျွန်တော်က ခိုင်လုံမဲ တစ်သိန်းနှစ်သောင်းနီးပါးရပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အောင်မြေသာစံမြို့နယ်တစ်မြို့နယ်လုံးမှာ မဲပေးတဲ့အရေအတွက်က တစ်သိန်းတစ်သောင်းလားပဲရှိတယ်၊ အခု ဒီနှစ်မှာ တစ်သိန်းလေး သောင်းကျော်ပေးတယ်ဆိုတော့ သုံးသောင်းကျော်ပိုပြီးပေးလာတယ်၊ ဒါဟာ နိုင်ငံရေးရေချိန်မြင့်မားလာတာကိုပြခြင်းဖြစ်ပါတယ်၊ အကောင်းနဲ့အဆိုးကိုပိုပြီးတော့ခွဲခြားတတ်လာတယ်၊ သူတို့တွေဘယ်သူ့ကိုမဲပေးရမယ် မဖြစ်မနေပေးရမယ်ဆိုတာကိုသိလာတယ်" လို့လည်း အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုးကပြောပါတယ်။

မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထူးခြားဖြစ်စဉ်အဖြစ် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အ တွင်းက တပ်မတော်သားမဲဆန္ဒရှင်တွေမဲပေးရတဲ့မဲဆန္ဒနယ်မြေတစ်ချို့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရထားမှုတွေရှိသလို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှာဆိုရင်လည်း တပ်မဲရုံတွေမှာရှုံးပေမယ့် တပ်မဲ ၉၀၀ နီးပါးရရှိတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

Share

က္က