(၂၀၂၀) ရွေးကောက်ပွဲဖြစ်စဉ်မှာ ထောက်ပြဝေဖန်စရာတွေရှိခဲ့ဟုဆို

(၂၀၂၀) ရွေးကောက်ပွဲဖြစ်စဉ်မှာ ထောက်ပြဝေဖန်စရာတွေ ရှိခဲ့ပေမယ့် ပြည်သူက ဆုံးဖြတ်တဲ့ရလဒ်ကိုတော့ လက်သင့်ခံတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။



ဒါ့အပြင် ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ပါတီရဲ့ သက်တမ်းက တစ်နှစ်တာကာလပဲ ရှိနေသေးတဲ့အတွက် အခု (၂၀၂၀) ရွေးကောက်ပွဲအလွန်ကာလမှာ ပါတီတည်ဆောက်ရေးဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ဒေါက်တာ သက်သက်ခိုင်က ဆိုပါတယ်။

“ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုမှာတော့ ပြောစရာတွေ၊ ထောက်ပြစရာတွေ အများကြီးရှိခဲ့ပေမယ့် ဒီမိုကရေစီစနစ်ရှင်သန်ဖို့ ပြည်သူက ဆုံးဖြတ်တာဆိုတော့ လက်သင့်ခံရတာပေ့ါ။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ အထိက ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးပေ့ါ။ အခု ဒီနောက်ပိုင်းတော့ ဒီမိုကရေစီတည်ဆောက်ရေးကာလပေါ့။ ကျွန်မတို့ နိုင်ငံရေးပါတီတွေလည်း ပိုပြီးတော့မှ ဒီထက်ပြည်သူလူထုကို အကျိုးပြုနိုင်အောင် ဒီထက်ကောင်းသထက်ကောင်းအောင် လုပ်ရဦးမယ်။ ပြည်သူလူထုအတွက်လည်းဒီမိုကရေစီရေချိန်မြင့်အောင် အချိန်စောင့်ရဦးမယ်။ ပြီးတော့ လွှတ်တော်ထဲမှာ အတိုက်အခံပါတီရှိခြင်းပေါ့။ ဒါလေးတွေကို လုပ်ရဦးမှာပေါ့ “ လို့ ဒေါက်တာသက်သက်ခိုင်က ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ကောက်ခံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေက ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မညီတဲ့ ကိစ္စရပ်တွေကိုကျူးလွန်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲနေ့မှာလည်း မဲရေတွက်ရာမှာ အငြင်းပွားမှုဖြစ်စဉ်တွေ ရှိခဲ့တာတွေကို ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လေ့လာစောင့်ကြည့်မှုတွေ ဆက်လက်လုပ်ဆောင်သွားပြီး ကော်မရှင်ကို တင်ပြသွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်ဟာ (၂၀၂၀) ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က နေဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာမေဝင်းမြင့်ကို မဲအပြတ်အသတ်ဖြင့် ရှုံံးနိမ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က