မြို့နယ်(၂၈)ခုအတွက် ကိုယ်စားလှယ် (၉၅)ဦးလုံး အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးရဲ့ မဲရေတွက်မှုရလဒ်မှာ လက်ရှိအချိန်အထိ လွှတ်တော်နေရာအားလုံးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားတယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အားလုံးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၅)ဦးတို့က အနိုင်ရရှိတယ်လို့ NLDပါတီ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးတင်ကိုကိုက Duwun ကိုပြောပါတယ်။



" လက်ရှိအနေအထားအတိုင်းကတော့ တိုင်းလုံးကျွတ်နိုင်ထားတယ်လို့ပဲ ပြောရမှာပါ ။(၂၈) မြို့နယ်အားလုံးနိုင်ပါတယ်။ လွှတ်တော် အရပ်ရပ်အတွက် ဟုတ်ပါတယ်။ကိုယ်စားလှယ်လောင်း (၉၅)ဦး ဖြစ်ပါတယ် " လို့ NLDပါတီ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးတင်ကိုကိုက Duwun ကိုပြောပါတယ်။

လက်ရှိအနေအထားအရ မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် (၂၈)ခုက လွှတ်တော်အလိုက် အနိုင်ရ ကိုယ်စားလှယ်လောင်းအတည်ပြုစာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေနဲ့တော့ ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေက စိစစ်ပေးပို့နေဆဲဖြစ်တာကြောင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးအနေနဲ့ ထုတ်ပြန်ကြေညာဖို့ အချိန်အတိအကျမသိရသေးဘူးလို့ ကော်မရှင်တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

" အခုက စာရင်းတွေက သက်ဆိုင်ရာမြို့နယ်တွေက စိစစ်ပေးပို့နေဆဲဖြစ်ပါတယ် ။ အကုန်မရသေးဘူး ။ ရတဲ့စာရင်းတွေလည်း ဒီဘက်က စိစစ်တုန်းပဲ ။ ပြီးရင်တော့ ဥက္ကဌလက်မှတ်ထိုးပြီးတာနဲ့ ကျွန်တော်တို့ မန္တလေးတိုင်းကော်မရှင်အဖွဲ့ရဲ့ page ကနေ တန်းကြေညာမှာပါ ။ ဘယ်အချိန်လဲတော့ အတိအကျပြောလို့မရသေးပါဘူး " လို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးကျော်ကျော်စိုးက Duwun ကိုပြောပါတယ်။

မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထူးခြားဖြစ်စဉ်အဖြစ် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အ တွင်းက တပ်မတော်သားမဲဆန္ဒရှင်တွေမဲပေးရတဲ့မဲဆန္ဒနယ်မြေတစ်ချို့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရထားမှုတွေရှိသလို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှာဆိုရင်လည်း တပ်မဲရုံတွေမှာရှုံးပေမယ့် တပ်မဲ ၉၀၀ နီးပါးရရှိတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က