မွန်ပြည်နယ်၊ ရေးမြို့နယ်တစ်ခုလုံးမှာ  NlD ပါတီက ရှုံးနိမ့်ခဲ့ပေမယ့် ပြည်နယ်တစ်ခုလုံး အနိုင်ရရှိမှုက ၈၀ ရာခိုင်နူန်းလောက်ရှိတာကြောင့် ပြည်နယ်အစိုးရဖွဲ့နိုင်တဲ့ အင်အားတော့ရှိတယ်လို့ NLD ပါတီ ကိုယ်စားလှယ်လောင်းဆီကသိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ကျိုက်ထို၊ ဘီးဘင်း၊ သထုံ ၊ ပေါင် ၊ မော်လမြိုင် မြို့နယ်တွေမှာ လွှတ်တော်သုံးရပ်လုံးအတွက် အနိုင်ရထားပြီး ကျန်တဲ့ မြို့နယ်တွေမှာတော့ မွန်ညီညွတ်ရေးပါတီနဲ့အပြိုင် ဖြစ်နေပါတယ်။



“မွန်ပြည်နယ်   ၁၀ မြို့နယ်မှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် ၊ မော်လမြိုင်ရာနှုန်းပြည့်နိုင်တယ်။ ရေးမှာက အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ် ၂ နေရာ အကုန်ရှုံးတယ်။ အဲ့ဒီမှာ မွန်ညီညွတ်ရေးပါတီက အကုန်နိုင်တယ်။ ပြည်နယ်လွှတ်တော်မှာဆို ၆ နေရာရှုံးတ ယ် ၊ ရေး ၂ နေရာ ၊ မုဒုံတစ်နေရာ၊ သံဖြူဇရပ်တစ်နေရာ၊ ကျိုက်မရောတစ်နေရာ၊ ချောင်းဆုံမှာ တစ်နေရာပါ။ NLD က နေရာစုံပြိုင်တယ် အကုန်ပြိုင်တယ်။ မဲရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ပြည်နယ်အဆင့်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်နိုင်တယ်။လွှတ်တော်ထဲမှာ တပ်ကိုယ်စားလှယ်နဲ့ပေါင်းမယ်၊ USDP နဲ့ပေါင်းမယ်၊ မွန်ညီညွှတ်ရေးပါတီက ၁၂ နေရာလောက်ဖြစ်လာမယ်။ အားအခြေအနေကတော့ တဝက်စီလောက်ဖြစ်လာမယ်။”လို့ NLD ကိုယ်စားလှယ်လောင်း ဦးညဏ်ဟိန်းကပြောပါတယ်။

NLD ပါတီနဲ့အပြိုင် မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် သုံးရပ်လုံးမှာ မဲဆန္ဒနယ် ၁၁ နေရာကို အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်ရုံးချုပ်ရှေ့တွင် အောက်တိုဘာလ ၉ ရက်နေ့မှာ ပါတီထောက်ခံသူများ အောင်ပွဲခံနေကြစဥ်။ (ဓာတ်ပုံ - သားကြီး)

 “ ၈မြို့နယ်ဝင်ပြိုင်တယ်။ ဘီးလင်းနဲ့သထုံမပြိုင်ဘူး။အားလုံးကိုယ်စားလှယ်ပေါင်း ၃၅ ဦးရှိတယ် ။ ရေးမှာ ၅ နေရာလုံးနိုင်တယ်။နောက်ပြီးတော့ သံဖြူဇရပ်နိုင်တယ်။ မော်လမြိုင်ခရိုင်မှာပဲနိုင်တာပါ”မွန်ညီညွှတ်ရေးပါတီက ဦးစံတင်ကပြောပါတယ်။

မွန်ပြည်နယ်မှာ NLD ပါတီရဲ့ ရှုံးနိမ့်မှုဟာ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်တွေမှာသာ ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်ပြီး ကျန်တဲ့နေရာတွေမှာတော့ အခြေအနေကောင်းတယ်လို့ဆိုပါတယ်။

“မြောက်ပိုင်း ၅ မြို့နယ် ကျိုက်ထို၊ ဘီးလင်း၊ ပေါင် ၊ သထုံ၊ မော်လမြိုင် အပြည့်နိုင်တယ်။ ချောင်းဆုံ ၊ မုဒုံ ၊ ကျိုက်မရော၊ သံဖြူဇရပ်မှာ မွန်ပါတီက တစ်ယောက်စီခွဲယူသွားပါတယ်။ရေးက အကုန်လုံးရှုံးတယ်။ပြည်နယ်တစ်ခုလုံး နိုင်တဲ့ရာခိုင်နှုန်းကတော့ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရတော့ ကောင်းကောင်းဖွဲ့နိုင်ပါတယ်” လို့ NLD ပါတီကိုယ်စားလှယ်လောင်း စောကျော်ဝင်းမောင်က ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ကိုသိရှိနိုင်ဖို့အတွက် မော်လမြိုင်ခရိုင် နဲ့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ကိုဆက်သွယ်ခဲ့ရာ မော်လမြိုင်ခရိုင် မဲရလဒ်ကိုသာ သိရှိရသေးပြိး သထုံခရိုင်မဲရလဒ်ကတော့ ခုချိန်ထိ ခရိုင်ကိုရောက်ရှိမလာသေးဘူးလို့သိရပါတယ်။

“မော်လမြိုင်ခရိုင်မှာတော့ NLD ပြည်သူလွှတ်တော်မှာ ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၅ နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၆ နေရာနဲ့ပေါင်း ၁၅ နေရာအနိုင်ရထားတယ်။ မွန်ညီရေးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၂ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၆ နေရာ ပေါင်း ၁၁ နေရာအနိုင်ရထားပါတယ်။”လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးထင်ကျော်ကပြောပါတယ်။

မွန်ပြည်နယ်မှာမဲဆန္ဒရှင်ပေါင်း ၁၈ သိန်းကျော်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေကတော့ NLD၊ USDP၊ မွန်ညီညွတ်ရေးပါတီ ပါအဝင် ပါတီပေါင်း ၁၀ ခုကျော်နဲ့ တစ်သီးပုဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

က္က