နိုင်ငံတကာသံရုံးတွေကလည်း ပြီးပြည့်စုံတဲ့ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်းကို ထုတ်ပြန်ကြေညာမှုတွေလုပ်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနေ့မှာ ကိုဗစ်-၁၉ကန့်သတ်တားမြစ်ချက်တွေကြောင့် မဲပေးနိုင်ခြင်းမရှိခဲ့တဲ့ ပြည်သူတွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ 

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကာလအလွန်နီးမှာ ကွာရန်တင်းဝင်ခဲ့ရသူတွေ၊ ရောဂါကူးစက်ခံရလို့ ဆေးရုံတက်ခဲ့ရသူတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်က ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါလူပုဂ္ဂိုလ်တွေအတွက် မဲပေးနိုင်ရန်အချိန်မီမစီစဉ်ပေးနိုင်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်းပြောကြားခဲ့တာပါ။



"ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်တဲ့အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေကြောင့် မဲမပေးနိုင်ခဲ့တဲ့ပြည်သူတွေကို ကျွန်မအနေနဲ့တောင်းပန်ချင်ပါတယ်။ ဥပမာဆိုရင် ရွေးကောက်ပွဲနဲ့အင်မတန်မှနီးတဲ့ ရွေးကောက်ပွဲမတိုင်မီ (၁)ရက်(၂)ရက်မှာကွာရန်တင်းဝင်ရတဲ့သူတွေ၊ ဒါမှမဟုတ် ဆေးရုံတက်ရတဲ့သူတွေ အဲဒီလိုပြည်သူတွေအတွက် ကျွန်မတို့ကမဲပေးဖို့ စီစဉ်ပေးဖို့ အချိန်မရှိလို့မစီစဉ်နိုင်ခဲ့ပါဘူး။ နောက်ပြီးတော့လည်း အသွားအလာကန့်သတ်ချက်တွေကြောင့် ဥပမာဆိုရင် ကျွန်မနားလည်သလောက်တော့ မူဆယ်မှာပိတ်မိနေတဲ့ယာဉ်မောင်းတွေဟာ ရွေးကောက်ပွဲမှာမဲမပေးခဲ့ရလို့ စိတ်မကောင်းကြဘူးလို့ကြားရပါတယ်။ ဒါလည်းကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့်ဒီအချိန်မှာတော့ ဒီလိုအသွားအလာကန့်သတ်ချက်တွေလုပ်ထားတဲ့အခါကျတော့ အားလုံးအတွက် စီစဉ်ပေးဖို့ဆိုတာနည်းနည်းခက်ခဲသွားပါတယ်"လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြောကြားတဲ့မိန့်ခွန်းမှာထည့်သွင်း ပြောဆိုခဲ့တာပါ။ 

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ကာလအတွင်းရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင်ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်းဆိုခဲ့ပါတယ်။ ၂၀၂၀ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ ပြည့်စုံပြီးအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေကဆိုခဲ့သလို နိုင်ငံတကာသံရုံးတွေကလည်း ပြီးပြည့်စုံတဲ့ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်းကို ထုတ်ပြန်ကြေညာမှုတွေလုပ်ခဲ့ကြပါတယ်။ 

Share

က္က