PACE ရဲ့စစ်တမ်းအရ သိရခြင်းဖြစ်ပါတယ်။

နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၂၀၂၀ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲမှာတစ်နိုင်ငံလုံးက မဲရုံအားလုံးရဲ့ (၉၄)%လောက်က ကိုဗစ်စည်းကမ်းတွေနဲ့ အညီလုပ်ဆောင်နိုင်ခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ PACE ရဲ့ စစ်တမ်းအရသိရပါတယ်။ 

ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့နေရာမှာ ကိုဗစ်ကူးစက်မှုအန္တရာယ် နည်းပါးစေရန် နှာခေါင်းစည်းအသုံးပြုခြင်းက (၈၇)% ၊ လက်သန့်ဆေးရည်အသုံးပြုခြင်းက (၈၆)%၊ လူတစ်ဦးနဲ့ တစ်ဦးခပ်ကွာကွာနေခြင်းက (၃၄)% အထိ မဲဆန္ဒရှင်တွေလိုက်နာနိုင်စေရန် မဲရုံတာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်နိုင်ခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

PACE အဖွဲ့အနေနဲ့ ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်လေ့လာခဲ့တဲ့ နေရာတွေရဲ့ အားလုံးနီးပါး (၉၉)%လောက်ထိ ကိုယ်ပူချိန်မြင့်မားလို့ မဲပေးခွင့်မရဘဲ ပြန်သွားရတဲ့ မဲဆန္ဒရှင်တွေမရှိခဲ့ပါဘူး။ 

ရွေးကောက်ပွဲနေ့ ဖြစ်စဉ်တစ်ခုလုံးအတွက် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူနိုင်မှုစတဲ့ အရည်အသွေးများကို စနစ်တကျ အကဲဖြတ်နိုင်ရန်အတွက် PACE အဖွဲ့က လေ့လာသူ (၁၈,၈၈)ဦးကိုစေလွှတ်စေခဲ့ပြီးတော့ ဒီစစ်တမ်းတွေကို ကောက်ယူခဲ့တာဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံးမဲရုံအားလုံးမှာတော့ ပြည်သူတွေမဲလာပေးပေးတဲ့ အချိန်ကာလတစ်လျောက် တစ်ဦးနဲ့ တစ်ဦး (၆)ပေအကွာနဲ့ နေထိုင်ကြဖို့ကို အချိန်ပြည့် ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့မှုက မဲရုံအားလုံးရဲ့ (၇၂)%ထိရှိခဲ့ပါတယ်။ 

တစ်ချို့မဲရုံတွေမှာတော့ လာရောက်မဲပေးတဲ့ပြည်သူအရေအတွက် များပြားတဲ့ အတွက် လူတွေစုပြုံလာကာ (၆)ပေအကွာနဲ့ နေထိုင်ကြဖို့ကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တဲ့ အနေအထားတွေလည်း တွေ့ရှိခဲ့ရပါတယ်။ 

 ၂၀၂၀ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရုံပေါင်း (၄)သိန်းကျော်နဲ့ ကျင်းပပြုလုပ်ခဲ့တာပါ။ 

PACE အဖွဲ့ရဲ့ စစ်တမ်းတွေအရ ကိုဗစ်ကာလနဲ့ တိုက်ဆိုင်နေတဲ့ ရွေးကောက်ပွဲဟာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် မဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး ရေတွက်ပြီးတဲ့အနေအထားထိတော့ NLD ပါတီအနေနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။


Share

က္က