ပန်းဘဲတန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒေါ်အိသဉ္ဖာမောင်က ဒုတိယမဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ မဲရလဒ်အရ ရှုံးနိမ့်ခဲ့ပေမယ့် လွှတ်တော်ပြင်ပကနေ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူနည်းစုတွေဘက်က ဆက်လက်ရပ်တည်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ်မှာ လူထုထောက်ခံမှုရရှိခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်(DPNS) ပါတီ ကိုယ်စားလှယ် ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။

ဒါ့အပြင် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အနိုင်ရကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဦးစည်သူမောင်နဲ့လည်း သဘောထားတူညီတဲ့ကိစ္စရပ်တွေရှိလာခဲ့ရင် အတူတကွပူးပေါင်းလုပ်ဆောင်သွားနိုင်တယ်လို့ ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။



" ကျွန်မတို့ပါတီသည် Genocide ကို ဆန့်ကျင်တယ် ။ အဲဒီဘက်ကနေ ရပ်တည်ခဲ့တာပေါ့ ။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ကျန်တဲ့လူနည်းစုတွေရဲ့ အရေးကို အမြဲထည့်သွင်းစဉ်းစားလေ့ရှိတယ်။အဲဒါနဲ့ပတ်သက်ပြီးလည်း မဲဆွယ်ကာလမှာတောက်လျှောက်ပြောခဲ့တယ်။ သူ(ဦးစည်သူမောင်) လာရင် ကျွန်မတို့ကတော့ လမ်းချင်တူရင်တော့ လူချင်းဆုံမှာပေါ့နော် ။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုကတော့ မျိုးစုံဖြစ်လာမှာပဲ ။ ရွေးကောက်ပွဲဆိုတာ ကိုယ့်မူဝါဒ ၊ လူထုကိုယ်စားပြုပေးမယ့်ဟာတွေ ထောက်ပြရတော့ ကျွန်မတို့ဆို ပါတီမူဝါဒကို ဒီတစ်ခေါက် ကောင်းကောင်း တင်ပြခဲ့တယ် ။ အဖိနှိပ်ခံတွေဘက်က ရပ်တည်တယ် ။ တရားမျှတမှုတွေ ၊ လူမျိုးသုဉ်းဆန့်ကျင်ရေးကိစ္စတွေ ။ ဒီလိုအရာတွေမှာ ဘုံသဘောထား တူညီတယ်ဆိုရင်တော့ အတူတူလက်တွဲလုပ်ဆောင်နိုင်မှာပါ " လို့ ဒေါ်အိသဉ္ဖာမောင်က Duwun ကို ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲဖြစ်စဉ် နဲ့ ရလဒ်တွေကိုလည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ထောက်ပြကန့်ကွက်စရာမရှိသလို ရွေးကောက်ပွဲရလဒ်ရှုံးနိမ့်ခဲ့ပေမယ့် ကိုယ့်အတွက်မဲထည့်ခဲ့တဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဆက်လက်ဆုပ်ကိုင်သွားမယ်လို့ ဒေါ်အိသဉ္ဖာမောင်က ပြောပါတယ်။ ဒါ့အပြင် လူထုရဲ့အသံကို ကျယ်ကျယ်လောင်လောင်တင်ပြနိုင်ဖို့ အင်အားရှိမှုလိုအပ်တာကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

" ကန့်ကွက်စရာမရှိဘူး လူထုရဲ့အဆုံးဖြတ်ပဲ ။ ပန်းဘဲတန်းပြည်သူတွေရဲ့ အဆုံးဖြတ်ကို လေးစားပေးရမယ် ။ မဲထည့်ခဲ့သူ ၁၄၀၀ကျော်ရဲ့ မျှော်လင့်ချက်ကိုလည်း ဆက်ကိုင်ထားရမယ် ။မဲထည့်တယ်ဆိုတာ စိတ်ဆန္ဒပြင်းထန်လို့ အမှန်တရားလိုချင်လို့ ။ စိတ်လိုက်မာန်ပါ ။ စိတ်ထဲကရှိပြီး မဲထည့်တာ ။ လက်မလွှတ်ဘူး ။ လွှတ်တော်ပြင်ပကနေ အများကြီးလုပ်လို့ရတယ် ။ ခြေဥပြင်ဆင်ရေး ၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ။ ဆက်လုပ်မယ် ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုလုပ်လာတာ။ ရွေးကောက်ပွဲကတော့ ဖြတ်သန်းဖို့ လိုအပ်လာလို့ ၊ လွှတ်တော်တွင်းမှာ ပြောဆိုဖို့လိုအပ်လာလို့ ဒီရွေးကောက်ပွဲဝင်ပြိုင်တာ ။ လုပ်စရာရှိတဲ့ နိုင်ငံရေးလုပ်ငန်းတွေက အများကြီး ။ပါတီကို ပိုပြီး ကျစ်လျစ်ခိုင်မာအောင် လုပ်ရမယ် ။ ပါတီစည်းရုံးရေးကျယ်ပြန့်အောင်လုပ်ရမယ် ။ ပါတီက အားရှိလာမှ ကိုယ်ပြောချင်တဲ့စကားကို ပိုပြီးကျယ်ကျယ်လောင်လောင်ပြောလို့ရမှာ ဖြစ်လို့ ပါတီဘက်ကနေ ဖိနှိပ်ခံတွေနဲ့ တရားမျှတမှုတွေအတွက် အများကြီးအော်သွားဖို့ရှိပါတယ် " လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဒေါ်အိသဉ္ဖာမောင်က Duwun ကိုပြောပါတယ်။

နိုဝင်ဘာလ (၈)ရက်က ကျင်းပခဲ့တဲ့ ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးစည်သူမောင် (၁၂၈၈၂မဲ) ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဒေါ်အိသဉ္ဖာမောင် (၁၄၃၇မဲ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးမြင့်ခိုင် (၉၁၉မဲ) နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စားလှယ် ဦးအာကာကျော်(၁၀၇)မဲ ဖြစ်တယ်လို့ သိရပါတယ်။

Share

က္က