ကိုဗစ်ကာလမှာ ကူညီဆောင်ရွက်ပေးခဲ့ကြတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကသိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမ တွေကို ဂုဏ်ပြုလက်မှတ်များထုတ်ပေးမယ့် အပြင် ရာထူးတိုးနှင့် အရွှေ့အပြောင်းကိစ္စရပ်တွေမှာလည်း ဦးစားပေးစဉ်းစားသွားမယ်လို့ ည အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။



“မဲရုံတွေမှာအရင်တုန်းကလည်း အဆင့်အဆင့်ရွေးကောက်ပွဲတွေကို နိုင်ငံသမိုင်းပေးတာဝန်အနေနဲ့ တာဝန်ပေးလို့လုပ်ကြရတာပဲ။ ဒီလိုလုပ်တဲ့ဆရာ/ဆရာမတွေကို အခြေခံပညာဦးစီးဌာနကနေလည်း ဂုဏ်ပြုပါတယ် ဆိုတဲ့စာကို ဖေ့ဘုတ်စ်ကနေလည်း တင်ထားပေးတယ်။ ဝန်ကြီးကိုယ်တိုင်လည်း ဂုဏ်ပြုချက်စာတင်ထားပေးတယ်။ ဝန်ကြီးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ပေးဖို့ ကျွန်တော်တို့စာရင်းတွေကောက်နေတယ်။ ဒါကတော့ ဒီမှာတာဝန်ထမ်းဆောင်တဲ့သူတွေအတွက် ရာထူးတိုးတို့ ၊ အပြောင်းအရွှေ့တို့မှာလည်း သတ်မှတ်တဲ့ အမှတ်တစ်ခု သတ်မှတ်ပြီးစံသတ်မှတ်ချက်တစ်ခု အနေနဲ့ထည့်ဖို့လုပ်ထားတယ်။ဒါကတော့ အခုလောလောဆယ်အနေနဲ့ သူတို့ကိုစာရင်းတွေကောက်နေတယ်။ပါတဲ့သူတိုင်းကို အပြောင်းအရွှေ့ပေးမယ် ရာထူးတိုးပေးမယ်ပြောတာမဟုတ်ဘူး။ တာဝန်ထမ်းဆောင်တဲ့သူတွေကို သူများတွေထက် နည်းနည်းအမှတ်ပိုပေးမှာပေါ့ဗျာ ။နည်းနည်းလေး သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့” လို့ ဦးကိုလေးဝင်းက ‌ပြောပါတယ်။


ဒါကြောင့် လက်ရှိမှာ ရွေးကောက်ပွဲနေ့မှာ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ ဆရာ/ဆရာမ တွေ စာရင်းအရေအတွက်ကို ကောက်ခံနေကြောင်းနဲ့ ဂုဏ်ပြုလက်မှတ်တွေကို လည်း တစ်ယောက်ချင်းစီကို ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရာထူးတိုးခြင်းနှင့်အရွှေ့အပြောင်းကိစ္စရပ်တွေအတွက်ကိုတော့  ပြည်ထောင်စုအဆင့် အီးစီ တင်ပြီးမှ သာ ဆုံးဖြတ်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကိုယ့်ကို တာဝန်ပေးလို့ ကျေပွန်စွာထမ်းဆောင်ခဲ့တယ်။နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရလို့လဲပျော်ပါတယ်။ ပင်ပန်းတာလည်း ပြောမနေပါနဲ့၊ တနေကုန်ပါပဲ။ ညပိုင်းမဲရေတွက်ပြီး၊ မဲပုံး ကော်မရှင်ရုံးရောက်မှပဲ ကျွန်မတို့မှာ တာဝန်ကျေလို့ အမောဖြေနိုင်တယ်။အဲ့ဒီလိုလုပ်တဲ့အပေါ် နိုင်ငံတော်ကနေ ဂုဏ်ပြုမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်”လို့ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းဆရာမ ဒေါ် သူဇာကပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောာက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် မဲရုံတွေအားလုံးမှာ ဆရာ ၊ ဆရာမပေါင်း နှစ်သိန်း ဝန်းကျင် ရှိခဲ့ကြောင်း၊ ကိုဗစ်ကာလမှာ ကူညီဆောင်ရွက်ပေးခဲ့ကြတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က