အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာ စုစုပေါင်း (၃၂၂) နေရာလိုအပ်တာဖြစ်ပြီး လက်ရှိအချိန်အထိ နေရာ (၃၅၀)အနိုင်ရရှိထားတယ်လို့ ပါတီပြောရေဆိုခွင့်ရှိသူက အတည်ပြု ပြောကြားထားပါတယ်။

လက်ရှိအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် စုစုပေါင်း နေရာ (၃၅၀)အနိုင်ရရှိထားပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့နေရာအရေအတွက်ထက် (၂၈) နေရာကျော်လွန်ပြီး အနိုင်ရရှိထားတယ်လို့ Chair NLD Page ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီရလဒ်ထုတ်ပြန်ချက်က ကနဦးထုတ်ပြန်ချက်တွေထက် ပိုမိုခိုင်မာမှုရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ ပုံစံ(၁၉) အတည်ပြုချက်တွေအရ ထုတ်ပြန်တာဖြစ်လို့ ပိုမိုတရားဝင်မှုရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။



"ကျွန်တော်တို့ မူလပဏာမ စာရင်းတွေကလည်း ကျွန်တော်တို့က ခိုင်လုံတဲ့အထောက်အထားတွေပေါ် မူတည်ပြီး ထုတ်ထားတာပါ ။ အခုထပ်ထုတ်လိုက်တဲ့ ဗဟိုအောင်နိုင်ရေးကတော့ ဒီထက်ပိုသေချာပါတယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက ထုတ်ပေးတဲ့ ပုံစံ၁၉တွေပေါ် မူတည်ပြီး ထုတ်တဲ့အတွက် ပိုပြီးတရားဝင်မှု ရှိပါတယ်" လို့ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလိုအောင်နိုင်ခဲ့တာဟာ ပြည်သူတွေက မြန်မာနိုင်ငံထူထောင်‌‌ရေးအတွက် ထိထိရောက်ရောက်စွမ်းဆောင်နိုင်မယ့်ပါတီတစ်ခုကို စနစ်တကျရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ဒါ့အပြင်၂၀၂၀ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်းက နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်ပြီး ရွေးကောက်ပွဲ အဖျက်အမှောင့်လုပ်လိုသူတွေအတွက် စွပ်စွဲရခက်တဲ့အနေအထားဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ဒီလိုငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတာဟာ ဒီရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်လိုသူများအတွက် စွပ်စွဲရခက်တဲ့အနေမျိုးလည်း ဖြစ်သွားပါတယ်။အဲဒီတော့ ဒီရွေးကောက်ပွဲမှာ ဝီရိယရှိရှိနဲ့ နိုင်ငံရေးအသိရှိရှိ အဖွဲ့ချုပ်ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို အစွမ်းနိုင်ဆုံးဖြည့်စွမ်းဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။အဓိကတော့ ပြည်သူတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ထူထောင်ရေးမှာ ထိထိရောက်ရောက်စွမ်းဆောင်နိုင်မယ့် နိုင်ငံရေးပါတီကြီးတစ်ခုလိုအပ်တယ်လို့ သူတို့က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းရဆိုရင် ညွန့်ပေါင်းအစိုးရတွေက တစ်ပါတီထဲဖွဲ့တဲ့ အစိုးရတွေထက် အမြဲတမ်းအားနည်းပါတယ်။ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ခက်ခဲပါတယ်။ ဒီကြားထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိတဲ့အခါကျတော့ ပိုပြီးညီညွတ်ရေးတည်ဆောက်ဖို့ခက်ခဲနိုင်ပါတယ်။အဲဒီတော့ ပြည်သူက နိုင်ငံရေးရေချိန်မြင့်မားတယ် ။ တိုင်းပြည်အတွက် ဘာလိုအပ်နေတယ်ဆိုတာ သိတဲ့အတွက်အခုမဲကို စနစ်တကျထည့်လိုက်တာဖြစ်တယ်" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲရလဒ်တွေကို လက်ရှိအချိန်ထိ ထုတ်ပြန်နေဆဲဖြစ်ပြီး Chair NLD Page ရဲ့စာရင်းများအရ ရှမ်းပြည်နယ် (၂၈နေရာ ) ၊ ကချင်ပြည်နယ် (၂နေရာ) နဲ့ ရခိုင်ပြည်နယ် (၁နေရာ)ရဲ့ မဲရလဒ်တွေ ကျန်ရှိနေတာ ဖြစ်ပါတယ်။

Share

က္က