ဘုန်းလျှံကတော့ ထောင်ထွက်ဆိုတဲ့အရာကို အမည်းစက်တစ်ခုအနေနဲ့ သတ်မှတ်တဲ့ လူတချို့ရှိပေမယ့် သူ့ရဲ့ ဇနီးကတော့ ဒီအမည်းစက်အပေါ် အများကြီး နားလည်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘုန်းလျှံနဲ့ မေသင်းမောင်တို့ ဇနီးမောင်နှံဟာ နိုဝင်ဘာလ(၆) ရက်နေ့တုန်းက မင်္ဂလာလက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။ မမေသင်းမောင်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေ အများကြီးရှိတယ်လို့ ဘုန်းလျှံက မီဒီယာတွေကို အခုလို ဖြေဆိုခဲ့ပါတယ်။
“ သူဟာ အစ်ကို့ရဲ့ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်လို့ရတယ်။ အဓိက အကြောင်းကတော့ ငယ်ချစ်ဖြစ်နေတယ်၊ ကိုယ့်ရဲ့ ဘဝအကြောင်းကို (၁) ကနေ စပြီးတော့ သူ့ကိုရှင်းပြနေစရာမလိုဘူး။ သူက ပြောင်းလဲနေပြီးသားသူဖြစ်သလို ကိုယ်ကလည်း စပြီးပြောင်းလဲနေတဲ့သူဖြစ်တဲ့အတွက်ပိုအဆင်ပြေတယ်။ အဓိက ကတော့ သံယောဇဉ်၊ ရင်းနှီးမှု ပြီးတော့ အစ်ကို့ရဲ့ Life မှာ ဘဝကြီးတစ်ခုလုံး နိမ့်ပါးခဲ့ရတဲ့အခြေအနေကို ရောက်ခဲ့တယ်။ ဒါပေမယ့် သူ့ကို လက်ထပ်တာဟာ ဘယ်လို စံနှုန်းစံထားတွေရှိတယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် မဟုတ်သလို သတ်မှတ်ချက် ဆိုတာကိုလည်း အစ်ကိုမထားချင်ဘူး။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်၊ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်လို့ရတဲ့ အနေအထားတွေရှိတယ်” လို့ သူက ဆိုပါတယ်။
ဘုန်းလျှံဟာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် (၁၂) နှစ် ကျခံရမှာဖြစ်ပေမယ့် (၇) နှစ်ကာလရောက်တဲ့ အချိန်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်အနေနဲ့ ၂၀၂၀ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ အခုလို ထောင်က ထွက်လာပြီးတဲ့နောက်မှာလည်း သူဟာ လူကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် အများကြီး ကြိုးစားနေပြီလို့ သိရပါတယ်။
ဒါပေမယ့် ထောင်ထွက်ဆိုတဲ့ အမည်းစက်တစ်ခုကို နားလည်မှုတွေ အပြည့်ပေးခဲ့တဲ့ ဇနီးဖြစ်သူရဲ့ စိတ်သဘောထားလေးကိုလည်း ဘုန်းလျှံက အခုလို ပြောပြခဲ့ပါသေးတယ်။
“ အစ်ကို့ကို ဘုန်းလျှံ ထောင်ထွက်ဆိုပြီးတော့ ပြောကြသေးတာပဲ ခေါ်ပါစေပြောပေမယ့်လည်း အမည်းစက် တစ်ခုလို သတ်မှတ်ချင်တဲ့သူတွေရှိတယ်။ အဲဒီအခြေအနေကို သူက နားလည်ပေးနိုင်တယ်၊ ဒီ အားနည်းချက်ကိုလည်း သူက ဖိပြီးတော့ မပြောဘူး။ အစ်ကို ကိုယ်တိုင်ကတော့ ဒီအမည်းစက်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး နေထိုင်နေရတာဖြစ်သလို ဇနီးကလည်း နားလည်ပေးလွန်းတဲ့အတွက် အခုလို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ရတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်လို့လည်း အခုလို အခြေအနေတွေ ဖြစ်လာတာပါ” ဆိုပြီးတော့ နိုဝင်ဘာလ (၆) ရက်နေ့က မင်္ဂလာ လက်မှတ်ရေးထိုးပွဲမှာ ဖြေဆိုခဲ့တာပါ။
ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အွန်လိုင်းပေါ်ကနေ တဆင့် ဇနီးမောင်နှံ နှစ်ယောက် အတူတူ ငါးပါးတူ ရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။