ဒီလိုစွပ်စွဲမှုတွေကြောင့် ဆရာ၊ဆရာမတွေအနေနဲ့ လွန်စွာစိတ်ပျက်ဒေါသဖြစ်ရဟုဆို

ဆရာ၊ ဆရာမ အများစုဟာ NLD ပါတီ ထောက်ခံသူတွေဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမတွေ မဖြစ်တာကို တွေရတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ စွပ်စွဲပြောဆိုချက်တွေက ဆရာ၊ဆရာမတွေရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတာကြောင့် ဆရာ၊ဆရာမထုကို ပြန်လည်တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများ အဖွဲ့ချုပ်အနေနဲ့ အဆိုပါ ပြောကြားချက်တွေကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပြီး ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆရာ၊ဆရာမတွေကို ပြန်လည်တောင်းပန်ဖို့ တောင်းဆိုကြေညာချက်တစ်စောင်ကို ဒီကနေ့ နိုဝင်ဘာ (၁၁) ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။



 ဒီလို စွပ်စွဲပြောကြားချက်တွေကြောင့် မဲရုံ တာဝန်ကျ ဆရာ၊ဆရာမတွေနဲ့ ဝန်ထမ်းတွေအပါအဝင် ပညာရေးဝန်ထမ်းထုက လွန်စွာ စိတ်ပျက်ဒေါသဖြစ်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။

(၂၀၂၀) ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့ အညီ လွတ်လပ်ပွင့်လင်းစွာကျင်းပပြီးစီးခဲ့ပြီး ဆရာ၊ဆရာမတွေဟာလည်း ကိုဗစ်ကပ်ရောဂါကို အန်တုပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ပြည်သူ့မဲတွေကို တိတိကျကျနဲ့ ရေတွက်နိုင်ရေးတို့ကို ကိုယ်ရော၊စိတ်ပါ အပင်ပန်းခံပြီး နာရီပေါင်းများစွာ ဆောင်ရွက်ခဲ့တာကို ပြည်သူတွေက ဂုဏ်ပြုနေကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မဲရုံတာဝန်ကျ ဆရာဆရာမတွေအနေနဲ့ မဲဆန္ဒရှင် ပြည်သူများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သက်ဆိုင်ရာ ပါတီတွေက မဲရုံကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ ရှေ့မှောက်မှာ ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းများ ဖြစ်တာနဲ့အညီ မဲရုံတာဝန်ထမ်းဆောင်ချိန်မှာလည်း ဘက်လိုက်မှု ကင်းစွာ၊ ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြတာ အများပြည်သူအသိပင် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကို ပြည်ထောာင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ဆရာ၊ဆရာမတွေက NLD ထောက်ခံသူတွေ ဖြစ်ပြီး ကြားနေဆရာ၊ဆရာမတွေ မဖြစ်ဘူးလို့ ဒီကနေ့ ရန်ကုန်မြို့ပြည်ခိုင်ဖြိုးရုံးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် စွပ်စွဲပြောကြားခဲ့မှုအပေါ် ဒီကနေ့ ညမှာပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က အခုလို ထုတ်ပြန်ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က