ပိုးတွေ့လူနာတွေ့ရှိတဲ့ မြင်းကင်းကျေးရွာအား အသွားအလာကန့်သတ်လိုက်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်လိုက်ပါတယ်။

မကွေးမြို့တောင်ဘက် မြင်းကင်းကျေးရွာတွင် မဲရုံတာဝန်ကျခဲ့သည့်ကော်မရှင်အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ကျေးရွာအား အသွားအလာကန့်သတ်လိုက်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်လိုက်ပါတယ်။ 



အဆိုပါကျေးရွာအား ယနေ့ည ၈နာရီမှစတင်ပြီး အသွားအလာကန့်သတ်လိုက်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ 

ယနေ့ညနေပိုင်းအထိ မကွေးတိုင်းတွင် ယင်းမာတောကျေးရွာမှ မဲရုံတာဝန်ကျဆရာမတစ်ဦး၊ မဲရုံမှုး ဆရာမတစ်ဦးနဲ့ မြင်းကင်းကျေးရွာမှ ကော်မရှင်ဝန်ထမ်းတစ်ဦး စုစုပေါင်း (၃)ဦးဟာ ရွေးကောက်ပွဲဲနဲ့ပတ်သက်ပြီး ကိုဗစ်ပိုးတွေ့ရှိနေသူများဖြစ်ပါတယ်။

“မြင်းကင်းကလူနာတစ်ယောက်က အနံ့မရဘူးဆိုလို့ မနေ့ကတိုင်းဆေးရုံကိုတင်လိုက်ပါတယ်ရှင့်၊ အခုဒီနေ့စစ်တော့ သူကပိုးတွေ့တဲ့သူဖြစ်သွားပါတယ်၊သူကကော်မရှင်အဖွဲ့ဝင်ဖြစ်နေပါတယ်”လို့ မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးဒေါက်တာ ဒေါ်ဥမ္မာအေးက အတည်ပြုပါတယ်။

ဓာတ်ပုံ - မကွေးပို့စ်

အဆိုပါမဲရုံတွင် မဲပေးသူဦးရေ တစ်ထောင်ကျော်ရှိသည့်အတွက် ထိတွေ့မှုမြင့်မားခဲ့ခြင်းကြောင့် ကျေးရွာအား အသွားအလာကန့်သတ်ရခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်ဥမ္မာအေးက ဆိုပါတယ်။

 ထို့အပြင် ယမန်နေ့က မဲရုံတာဝန်ကျတဲ့ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ရသူ ဆရာမရဲ့ အမျိုးသားတွင် လည်း ကိုဗစ်၁၉ ပိုးတွေ့ရှိနေရကြောင်း ဒေါက်တာ ဒေါ်ဥမ္မာအေးက ပြောပါတယ်။

“မနက်ဖြန် ဆရာမရဲ့အမေကိုလည်း ကိုဗစ် ၁၉ စစ်ပေးဖို့ဆောင်ရွက်နေပါတယ်”လို့ ဒေါက်တာ ဒေါ်ဥမ္မာအေးက ဆိုပါတယ်။

မကွေးမြို့တွင် ယနေ့ ညနေပိုင်း Covid 19ရောဂါပိုးတွေ့လူနာ(၂)ဦး ထပ်တိုးကြောင်း မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ 

ပြည်သူများအနေဖြင့် ကိုဗစ်၁၉ ရောဂါအား မိမိအသိဖြင့်ကာကွယ်ကြရန်နှင့် တတ်နိုင်သ၍ အိမ်တွင်သာနေကြရန်ကျန်းမာရေးဦးစီးဌာနမှတိုက်တွန်းထားပါတယ်။ 

လက်ရှိအချိန်အထိ မကွေးတိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံးမှာ ပိုးတွေ့လူနာစုစုပေါင်း ၆၄,၄၅၃ ဦးရှိနေပြီ ဖြစ်ပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က