လူဆိုတာ အမြဲတမ်းကြိုးစားနေရမှာ။

ခန့်စည်သူကတော့ ကိုဗစ်ကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကနေ ရုန်းထွက်နိုင်ဖို့ လူတိုင်းက ကြိုးစားနေရမယ်လို့ ဆိုပါတယ်။ 

Photo: Khant Si Thu



သရုပ်ဆောင် ခန့်စည်သူကတော့ ကိုဗစ်ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ နေရာတွေကို မကြာခဏဆိုသလို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းလေ့ရှိသူပါ။ ဒီလို ကာလမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို ပိုးစုန်းကြူးလေးနဲ့ ဥပမာပြရင်း အခုလို ပြောပြခဲ့ပါတယ်။ 

“ ကိုဗစ်နဲ့ ပတ်သက်ပြီး အားလုံးကတော့ ဒီလိုပဲ တောင့်ခံနေကြရမှာပါ။ နောက်ဆုံး သိရတဲ့ သတင်းအရ လူနာတွေလည်း နည်းနည်း ရပ်တံ့လာပါပြီ။ သိပ်မများတော့ဘူးပေါ့နော်။ ဒါပေမယ့် လူဆိုတာဟာ ကိုဗစ် ရှိရှိ၊ မရှိရှိ ရုန်းကန်ရမှာပဲလေ။ ကိုဗစ်ရှိလာတဲ့ အတွက် ပိုပြီးတော့ အားစိုက်ရမှာလေးတွေ ရှိတာပေါ့။ ပိုးစုန်းကြူး အကောင်လေးတွေလိုပေါ့ ဒီအကောင်လေးတွေက နားနေရင် ဘာအရောင်မှ မထွက်ဘူး။ ပျံသန်းနေမှ အရောင်လေးတွေ တလက်လက် ထွက်မှာလေ။ လူဆိုတာလည်း အမြဲတမ်း ရုန်းကန်နေရမယ်၊ ကြိုးစားနေရမယ်လေ” လို့ သူက ဆိုပါတယ်။ 

Photo: Khant Si Thu

ခန့်စည်သူ အနေနဲ့ ကိုဗစ် ဒုတိယလှိုင်းအခြေအနေတွေဟာ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးတာကြောင့် အရင်တုန်းကထက် ပိုပြီးတော့ ဂရုတစိုက်နေထိုင်စေချင်တယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ 

“ ဒီအချိန်မှာ ကျွန်တော် တစ်ခု မှာချင်တာက ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ပဲ ပြောချင်တာပါ။ ကိုဗစ်ပြီးသွားလို့ ပြန်လည်ထူထောင်ရေး အခြေအနေတွေကျရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများ လာစေချင်တယ်။ စီးပွားရေးတွေလည်း အရင်ကထက် ပိုအဆင်ပြေလာပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Khant Si Thu

ပရဟိတကုသိုလ်တွေ လုပ်လေ့ရှိတဲ့ အနုပညာရှင်တွေထဲမှာ ခန့်စည်သူက သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ ဘွဲ့ကို ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က