ကျွန်တော့်ရဲ့ စီနီယာဆိုတဲ့ ဂုဏ်ဒြပ်က အောက်ရောက်သွားတယ်။

အဆိုတော် ဖြိုးကျော်ထိုက် အနေနဲ့ The Voice Myanmar ( Season 3) ရဲ့ The Knockouts Round ကနေ နှုတ်ထွက်လိုက်ရတဲ့ အချိန်မှာ ဝမ်းနည်းမိတဲ့ ခံစားချက်တွေ ပိုများခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Phyo Kyaw Htike



ဖြိုးကျော်ထိုက် ကတော့ နိုဝင်ဘာလ (၁၀) ရက်နေ့တုန်းက The Voice Myanmar ( Season 3) ရဲ့ The Knockouts Round ကနေ နှုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။ ဒီလို နှုတ်ထွက်ခဲ့ရတဲ့အပေါ်မှာလည်း စိတ်မကောင်းနေတဲ့သူပါ။ ဂီတနဲ့ ပတ်သက်ပြီး အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ သူ့အနေနဲ့ အခုလို ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရတဲ့ အပေါ် ခံစားချက်ကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“စစချင်းတော့ စိတ်ထိခိုက်တယ်၊ သိမ်ငယ်တယ်၊ ဝမ်းနည်းတယ်။ လူတစ်ယောက်က အရှုံးနဲ့ အနိုင် ရှိတာပေါ့လေ။ ငါရှုံးသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော့်မှာ လိုအပ်ချက် ရှိသေးလို့ပါ။ အနိုင်အရှုံးဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါတယ်လို့ မြင်တယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အပြင်မှာ အဆိုတော် ဖြစ်ပြီးသား Show ပွဲအတွေ့အကြုံ ရှိဖူးတယ်ဆိုပေမယ့် ကျွန်တော် ဆိုတာတော့ အမှား မရှိခဲ့ဘူးလို့ သိရတယ်။ သို့သော် မတူညီတဲ့ကွဲပြားမှုတွေ ရှိတာကြောင့် လိုအပ်ချက်တွေလည်း ရှိနိုင်တယ် ဒီအရှုံးကိုလည်း ကျွန်တော် လက်ခံနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ဟာ The Voice Myanmar (Season 3) သီချင်းဆိုပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့တာဟာ သူ့ရဲ့ မိသားစု အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်ခဲ့တာလို့ သိရပါတယ်။ ပြိုင်ပွဲ နောက်ဆုံး အဆင့်ထိ ပါဝင်ခွင့် မရတော့ပေမယ့်လည်း သူ့ရဲ့ မိသားစုအပေါ် တာဝန်ကျေချင်တယ်လို့ ဖြိုးကျော်ထိုက်က ဆိုပါတယ်။ 

“ မိသားစုအတွက်တော့ ကိုယ်ဟာ တာဝန်ကျေတဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာဟာ အခက်အခဲတွေ ပြေလည်အောင်လည်း ပါသလို ကျွန်တော့်ကိုလည်း လူပိုသိသွားစေချင်တာပေါ့နော်။ လူသိစေချင်တဲ့ စိတ် ဆန္ဒကတော့ များပါတယ်။ ဒီတော့ ကိုယ့်ပေတံကို ကိုယ်ပြန်ရိုက်ချိုးလိုက်သလိုပဲ ကျွန်တော့်ရဲ့ စီနီယာဆိုတဲ့ ဂုဏ်ဒြပ်က အောက်ရောက်သွားတယ်။ ပရိသတ်က အားပေးနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ပရိသတ်က အားမပေးဘူးဆိုလည်း တတ်နိုင်တဲ့ စီးပွားရေးတစ်ခုခု လုပ်မှာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့" သစ္စာမရှိတဲ့ သစ္စာ" ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လက်ရှိ နှုတ်ထွက်လိုက်ရတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲက သူ့အတွက် နောက်ဆုံး ပြိုင်ပွဲဖြစ်တယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က