ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ (၁၆) ခုက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့ တောင်းဆိုထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူ့သဘောထားအမှန်စစ်စစ်ကို လက်မခံခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်မှု လုပ်ရပ်တွေအပေါ်မှာ ကန့်ကွက်ရခြင်းဖြစ်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အနိုင်ရတဲ့အဖွဲ့အစည်းက ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မမျှတမှုတွေကို တိုင်ကြားရာမှာ တိုင်ကြားသူတွေနဲ့ပတ်သက်ပြီး အနိုင်ရရခဲ့တာမျိုးမရှိခဲ့ကြောင်း၊ ယုံကြည်ထိုက်တာမဟုတ်တဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ အစည်းက ဆောင်ရွက်မှသာလျှင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်မယ့် သက်သေကို ပြနိုင်မှာဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုပါတယ်။



“ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူ့ရဲ့ သဘောထား အမှန်စစ်စစ်ကို လက်မခံတာမဟုတ်ဘူး။ ဥပဒေချိုးဖောက်မှုလုပ်ရပ်တွေအပေါ်မှာ လက်မခံချင်တာဖြစ်တယ်။ ကျွန်တော်တို့ ပါတီကနေ မနေ့ကထုတ်ပြန်ချက်ထုတ်ထားတယ်။ နိုင်ငံရေးပါတီများအပါအဝင် ဖွဲ့စည်းပုံကို ကာကွယ်တဲ့ အဖွဲ့အစည်းက (၇) ရက်အတွင်းစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုထားတာပါ” လို့ ဦးသိန်းထွန်းဦးက ပြောကြားခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက (၂၀၂၀) ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲရလဒ်စာရင်းကို ပူးတွဲသဘောထားကြေညာချက်တစ်စောင်ကို နိုဝင်ဘာ (၁၁) ရက်ညပိုင်းက ထုတ်ပြန်ခဲ့ရာမှာ (၂၀၂၀) ရွေးကောက်ပွဲမဲရလဒ်တွေက ဥပဒေအရ တရားဝင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ခဲ့တာထက် ဥပဒေဘောင်ကျော်လွန်ချိုးဖောက်မှုတွေကို တွေ့ရပြီး တားဆီးဖို့ ပျက်ကွက်မှုတွေကို ပါတီစုံဒီမိုကရေစီရှင်သန်ရေးအတွက် လက်မခံနိုင်ကြောင်း၊ တစ်ပြိုင်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိတဲ့ အစိုးရကလည်း လိုက်နာမှု မရှိကြောင်း၊ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ လက်ရှိ သံသယဖြစ်မှု၊ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ (လွတ်လပ်သောစုံစမ်းစိစစ်ရေးကော်မရှင်) တစ်ရပ်ကို (၇) ရက်အတွင်း ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကော်မရှင်အနေနဲ့ မဲရုံအလိုက်မဲပေးခွင့်ရှိသူ၊ အမှန်တကယ်မဲပေးသူ၊ ကြိုတင်မဲ၊ပယ်မဲစတဲ့ မဲစာရင်းတွေ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးဖို့၊ ငွေကြေး/တံစိုးလက်ဆောင်ပေးပြီး မဲရအောင် ကြိုးပမ်းမှု ရှိ/မရှိ စစ်ဆေးပေးဖို့၊ နိုင်ငံတော်ပိုင် ငွေကြေး၊ပစ္စည်းသုံးခွင့် ရှိ/မရှိ စစ်ဆေးပေးဖို့၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်ပထောက်ပံ့မှု ငွေကြေးသုံးစွဲမှု ရှိ/မရှိစစ်ဆေးပေးဖို့ ဆိုပြီး တောင်းဆိုချက်မှာဖော်ပြထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မဲရလဒ်တွေကို တရားဝင်စစ်ဆေးဆဲဖြစ်လို့ ပုံစံ (၁၉) ကို လက်မှတ်ရေးထိုးခြင်းမပြုသလို တရားမဲ့ပြုလုပ်ခြင်း၊ ပြည်ပထောက်ပံ့ငွေကိစ္စမှန်ကန်ပါက ဥပဒေနဲ့ အညီဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်း ကြေညာထားတာပါ။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေး၊ခေတ်သစ်ပြည်သူ့ပါတီ၊ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံလူတန်းစာမြင့်မားရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒိမိုကရက်တစ်ပါတီ၊မြိုတိုင်းရင်းသားဖွံဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ ပူးပေါင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က