တိုင်းရင်းသားပါတီတွေက ဖက်ဒရယ်ပြည်ထောင်စုအရေးတက်တက်ကြွကြွပါဝင်ဖို့ ဒီချုပ်မျှော်လင့်

တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေက အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် အဖွဲ့ချုပ်အနေနဲ့ နောင်အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ (၁၃) ရက်မှာ တိုင်းရင်းသားပါတီ (၃၉) ခုကို အိတ်ဖွင့်စာတစ်စောင် ပေးပို့ရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။



တိုင်းရင်းသားပါတီတွေအနေနဲ့ အဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြမယ်လို့ မျှော်လင့်ကြောင်း အဆိုပါ အိတ်ဖွင့်စာမှာ ရေးသားဖော်ပြထားပါတယ်။

(၂၀၂၀) ပြည့်နှစ် နိုဝင်ဘာ (၈) ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေဟာ ပြည်နယ်အသီးသီးမှာ တက်ကြွစာ ပါဝင်ဆင်နွှဲခဲ့ကြတာကို သတိမူမိပါကြောင်း၊ အချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီအချို့က ကျေနပ်ဖွယ် ရွေးကောက်ပွဲရလဒ်တွေကို ရခဲ့ကြပေမယ့် အချို့ ပါတီတွေကတော့ ရည်မှန်းထားတဲ့အတိုင်း မဖြစ်လာခဲ့တာကို တွေ့ရကြောင်း ဆိုပါတယ်။

မည်သည့်အခြေအနေကို ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နောင်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ရေးသားဖော်ပြထားလည်းဖြစ်ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊က ယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ကရင်အမျိုးသား ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ် ပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ ၊ ချင်းတိုင်းရင်းသားများပါတီ ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ နာဂအမျိုးသားပါတီ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ နဲ့ ကချင်အမျိုးသားပါတီ တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

Share

က္က