(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ မကြားသေးမီကကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်မြင်ရရှိခဲ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဝမ်းမြောက်ဂုဏ်ပြုတယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ (၁၂) ရက် မနက်က အွန်လိုင်းကနေ ကျင်းပတဲ့ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



ဓာတ်ပုံ- Myanmar State Counsellor Office

အဆိုပါ ထိပ်သီးအစည်းအဝေးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပြီး အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်လို့ ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် အာဆီယံခေါင်းဆောင်တွေကို ကျေးဇူးတင်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ပါတယ်။

အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံက ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် နိုင်ငံတစ်ဝန်းမှာ ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနဲ့ အသိုက်အဝန်းတွေအကြား သဟဇာတရှိမှု တို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရက အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြန်လည်တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာသူတွေရဲ့ အရေးကိစ္စကို ဖြေရှင်းရာမှာ မိမိတို့အနေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုကျူးလွန်သူတွေက နည်းပညာကိုအလွဲသုံးစားပြုပြီး COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်အနေအထားသစ်နဲ့အညီ အလျင်အမြန်ပြုပြင်ပြီး လှုပ်ရှားလာနိုင်တဲ့အတွက် လူကုန်ကူးမှုပြဿနာသည် ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပုံစံနဲ့ ဖြစ်စေ လူကုန်ကူးမှုပြဿနာကို သည်းခံခွင့်လွှတ်မှာမဟုတ်သလို ရခိုင်အရေးကိစ္စနဲ့ အတွင်းကျကျ ဆက်စပ်နေတဲ့ အကြမ်းဖက်ဝါဒ (Terrorism) ကို လည်း ဘယ်လိုနည်းနဲ့မှ လက်မခံဖို့ လိုအပ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

အကြမ်းဖက်ဝါဒက ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းတွေကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့တဲ့အလျောက် အသိုက်အဝန်းတွေကို ပိုမိုကွဲပြားမှုဖြစ်ပေါ်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ယင်းတို့ရဲ့ ဝါဒဖြန့်မှုများကို ရပ်တန့်အောင် ဆောင်ရွက်ကြရမယ်လို့လည်းဆိုပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား၊ စိုးရိမ်ပူပန်မှုတို့နဲ့ သက်ဆိုင်တဲ့ အဆိုပါပြဿနာတွေကို ဖြေရှင်းရာမှာ အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း အလေးထားပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က