နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ရှေ့ဆန္ဒပြခဲ့ကြတာပါ။

ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့မှုအပေါ် တရားမျှတမှုမရှိဟုဆိုကာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ရှေ့ ဆန္ဒပြမှုမှာ ပါဝင်ဦးဆောင်သူနှစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် တစ်လစီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဆန္ဒပြဦးဆောင်သူနှစ်ဦးမှာ ဇော်ဦး (ခ) ဇော်လင်း (ခ) ဇော်ဇော်လင်း နဲ့ ညီညီ (ခ) ညီညီအောင် တို့ ဖြစ်ပြီး အပြစ်ရှိကြောင်းဝန်ခံတဲ့အတွက် ဥတ္တရသီရိမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း အဆိုပါ တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မေစုမွန်ကျော်က ပြောပါတယ်။



“ ဒီအမှုအမျိုးအစားက သာမန်အမှုအမျိုးအစားဖြစ်တယ်။ သာမန်အမှုအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒီ စွပ်စွဲခံရတဲ့သူတွေ ရုံးရှေ့ရောက်လာတဲ့အခါကျရင် ကျွန်မတို့က ဒီပြစ်မှုအကြောင်းအရာရှင်းပြပြီးတော့ သူတို့ကို ဒီအပြစ် ရှိ၊ မရှိ မေးမြန်းတယ်။ သူတို့က တကယ်လို့ အပြစ်ရှိတယ်လို့ ဝန်ခံတဲ့အခါကျရင် ရုံးကနေပြီးတော့ အမိန့်ချမှတ်တယ်။ သူတို့ဝန်ခံတဲ့အတွက် ကျွန်မတို့ကနေပြီးတော့ အမိန့်ချမှတ်ရခြင်းဖြစ်ပါတယ်။” လို့ သတင်းပြန်ကြားရေးအရာရှိဒေါ်မေစုမွန်ကျော်က ဆိုပါတယ်။

ဓာတ်ပုံ- နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုဝင်ဘာ (၁၁) ရက်က ဆန္ဒပြကြစဉ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁) ရက်နေ့လည်ပိုင်းက နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင် အဆိုပါရုံးချုပ်ရှေ့ လူ (၅၀) ဦးခန့်က တရားမမျှတတဲ့ ရွေးကောက်ပွဲအလိုမရှိ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ UEC အယုံအကြည်မရှိ ပြန်လည်ကျင်းပရေး ဒို့ အရေးဟု ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြမှုကို ရဲတပ်ဖွဲ့က လုံခြုံရေးရယူကာ တားမြစ်ခဲ့ပြီး ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင်သူ အမျိုးသား နှစ်ဦးကို ဥတ္တရသီရိမြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ (၁၂) ရက်နေ့မှာတော့ တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်တစ်လစီ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က