မှန်ကန်တဲ့ရွေးကောက်ပွဲရလဒ်ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြောရခြင်းဟုဆို

လွတ်လပ်မျှတတဲ့ ဒီမိုကရေစီအတွက် အစဉ်အလာဆိုးတွေ နောင်ရွေးကောက်ပွဲတွေအထိ ဓလေ့စရိုက်ဆိုးတွေအနေနဲ့ ပါသွားမှာစိုးရိမ်လို့ ကန့်ကွက်နေရတာဖြစ်ပြီး မတရားပြုကျင့်မှုတွေ၊ မမှန်မကန်လုပ်ရပ်တွေ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံစားပြုလုပ်ပြီး မဲဆွယ်တဲ့ကိစ္စတွေကို မကျေနပ်တာကြောင့် ယနေ့ ဆန့်ကျင့်ပြောကြားနေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဒုတိယဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ (၁၄) ရက် ပြည်ခိုင်ဖြိုးပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးခင်ရီရဲ့ ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးအပေါ် ခြုံငုံသုံးသပ်ပြီး ပြည်သူသို့ပန်ကြားချက်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။



“ဒီမတရားပြုကျင့်မှုတွေ၊မမှန်မကန်လုပ်ရပ်တွေ၊လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ပြီးတော့မဲဆွယ်တဲ့ကိစ္စတွေ၊ဒါတွေကိုမကျေနပ်လို့ယနေ့ဆန့်ကျင်ပြော ကြားနေရတာပါ။ ဒီမိုကရေစီမဆန်လို့ဆန့်ကျင်ပြောကြားနေရတာပါ။ တိုင်းပြည်အတွက်၊ပြည်သူအတွက်၊ လွတ်လပ်မှန်ကန်မျှတတဲ့ ဒီမိုကရေစီအတွက် အစဉ်အလာဆိုးတွေ နောင်ရွေးကောက်ပွဲတွေအထိ ဓလေ့စရိုက်ဆိုး တွေအနေနဲ့ ပါသွားမှာဆိုးလို့ ကျွန်တော်တို့ကန့်ကွက်နေရတာပါ။” လို့ ဦးခင်ရီက ဆိုပါတယ်။

ပါတီအနေနဲ့ ပြောဆိုနေတာက ရလဒ်တစ်ခုတည်းအပေါ်မှာ မူတည်ပြီး ပြောကြားနေတာမဟုတ်ဘဲ မှန်ကန်တဲ့ရွေးကောက်ပွဲရလဒ်ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အတွက် အဆင့်ဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ မဖြစ်ဖို့ ဆိုတဲ့အပေါ် နှိုင်းယှဉ်သုံးသပ်ပြီး ပြောကြားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရှုထောင့်အမျိုးမျိုးအမြင်အမျိုးမျိုးကနေပြီးတော့ ပြောဆိုဝေဖန်ထောက်ပြတာတွေ ကျွန်တော်တို့ကြားနေရ ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ပါတီနဲ့ ပက်သက်ပြီးတော့လည်းအရှုံးကိုလက်မခံနိုင်ဘူးစတဲ့ ဒီလိုအမြင်ရှုထောင့်မျိုးကပြောနေတာလည်းကျွန်တော်တို့ကြားရပါတယ်ခင်ဗျ။ အဲ့တော့လက်ရှိအချိန်အထိ UEC ရဲ့တရားဝင်ထုတ်ပြန်ချက်တွေအပေါ်မှာ ကျွန်တော်တို့မျှော်မှန်းသလောက်မရခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ဒီအပေါ်မှာအားမလိုအားမရတွေဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ဒီနေ့ပြောနေတာက ရလဒ်တစ်ခုတည်းပေါ်မှာ မူတည်ပြီးပြောနေတာမဟုတ်ဘူး။ မှန်ကန်တဲ့ရွေးကောက်ပွဲရလဒ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက်အဆင့်ဆင့်သောရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးပေါ်မှာခြုံငုံသုံးသပ်ပြီး တော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတဲ့အပေါ်မှာနှိုင်းယှဉ်သုံးသပ်ပြီး ပြောနေတာဖြစ်ပါတယ်၊” လို့ ပါတီဒုဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၅) ရွေးကောက်ပွဲရလဒ်အပေါ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ခံယူပြီး ပါတီကိုရော ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ စောဒကတက်ခဲ့တာမရှိကြောင်း၊ အဲဒီကာလတုန်းက မဲစာရင်းစစ်ဆေးမှု၊ ဖြန့်ဝေမှု၊ မဲစာရင်းစာရွက်တွေရဲ့ အရည်အသွေးတွေ၊ တန်းတူညီမျှမှုရှိတဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေကြောင့် ပါတီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆတာကြောင့် တည်ငြိမ်အေးချမ်းသိက္ခာရှိတဲ့ မှန်ကန်တဲ့ သမိုင်းဝင် အစိုးရအဖွဲ့ အလွှဲအပြောင်းတစ်ရပ်ကို ဆောင်ရွက်ခဲ့တာ အားလုံးအသိဖြစ်ကြောင်း ဦးခင်က ပြောပါတယ်။

သို့သော် အခု (၂၀၂၀) ရွေးကောက်ပွဲမှာ ပထမဆုံးအနေနဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံခွင့်၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြခွင့် တွေ မည်မျှရှိခဲ့သလဲ မြပြင်မှာ ဖြစ်နေတဲ့ အခြေအနေမှန်တွေကို ဘယ်လောက်ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သလဲ စတဲ့ အချက်တွေကို စဉ်းစားကြည့်လို့ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲလက်မှတ် ရိုက်နှိပ်မှုမှာ ပွင့်လင်းမြင်သာမှုအားနည်းခဲ့ကြောင်း၊ ကိုဗစ်ကာလမဲဆွယ်စည်းရုံးချိန်မှာ ပြင်ဆင်ချိန်မရခဲ့ဘဲ အာဏာရပါတီကတော့ လုပ်ပိုင်ခွင့် အများကြီးရခဲ့ကြောင်း၊ မဲပေးတဲ့အချိန်မှာ ကြိုတင်မဲအပိုင်းမှာ တရားမျှတမှုမရှိတဲ့ မဲပေးမှုတွေ ရှိခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စာရင်းဇယားမှန်ကန်ဖို့ လိုကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးခင်ရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ (၂၀၂၀) ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မတရားပြုကျင့်မှုတွေကို ရဲစခန်းမှာ တိုင်ထားတဲ့အမှုပေါင်း (၈၀) ကျော်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့အမှုက (၅၅၀) ကျော်လောက် ရှိတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က