မယ်လိုဒီကတော့ သူ ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေထဲကနေ အလှူအတန်းတွေ လုပ်ဖို့အတွက် ရွှေတွေရောင်းခဲ့တယ်လို့ သိရပါတယ်။
Photo: Melody
သရုပ်ဆောင် မယ်လိုဒီကတော့ နိုဝင်ဘာလ (၁၄) ရက်နေ့တုန်းက ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာခွဲ ထောက်ကြန့်(၁) မှာ ငွေကျပ်သိန်း(၂၀) နဲ့အတူ ဆွမ်း၊ အချိုပွဲတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူမ အနေနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မိခင်၊ ညီမလေးနဲ့ သားဖြစ်သူတို့အတွက်ခွဲဝေပေးပြီး ကျန်တာကို အလှူအတန်းတွေအတွက် အသုံးချသွားမယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူမဟာ ဇွဲထက်ရွှေဆိုင်ကနေ ဝယ်ယူထားတဲ့ ရွှေတွေကို ရောင်းချပြီး အခုလို အလှူအတန်းတွေ လုပ်ခဲ့တာလို့ သိရပါတယ်။ သူမရဲ့ ကုသိုလ်အတွက် ရွှေတွေကို ဈေးမနှိမ်ပဲ ပြန်ဝယ်ပေးခဲ့တဲ့ ဇွဲထက်မှ တာဝန်ရှိသူတွေကိုလည်း မယ်လိုဒီက ကျေးဇူးတင်စကားဆိုထားပါသေးတယ်။
" ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာလို့ ရှိတာရောင်းပြီးလှူလိုက်တာပါ။၂၀၂၀ အတွင်း သိန်း ၂၀၀ ကျော်လှူနိုင်ခဲ့ပါပြီ။ သေရင်သယ်သွားလို့မရတဲ့ဘဝမှာ အမေနဲ့သား ၊ ညီမလေး အတွက် စီစဉ်စရာရှိတာ စီစဉ်ပြီးရင် ကျွန်မပိုင်ပစ္စည်းတွေ စိတ်ကြိုက်စီစဉ်လှူဒါန်းသွားဦးမှာပါ။ ဆုံးရှုံးမှုတိုင်းမှာ ဘယ်တော့မှသေချင်စိတ်မဖြစ်ခဲ့သလို အလျော့လည်းမပေးခဲ့ပါဘူး။ ကျွန်မတို့ဟာ အူဝဲလေးတွေလို အမေနို့တိုက်မှ အမေရေချိုးပေးမှ အဆင်ပြေတဲ့အရွယ်မဟုတ်တော့ပါဘူး"ဆိုပြီးတော့ နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Melody
မယ်လိုဒီဟာ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ ဘာသာရေးအလုပ်ကို အရင်ကထက် တစိုက်မတ်မတ် လုပ်ဆောင်နေသူပါ။ ၂၀၂၀ ခုနှစ်ကို တရားအားထုတ်ရင်း အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားမယ်လို့သူက ဆိုပါတယ်။
Photo: Melody
မယ်လိုဒီဟာ အခုဆိုရင် ချစ်ရတဲ့ သားလေး သိဒ္ဒိစစ်၊ သူမရဲ့ မိခင်၊ ညီမလေးတို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။သူမရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင်ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။