ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့တပ်မတော်ကို တိုက်တွန်းကြောင်း AA ရဲ့ ထုတ်ပြန်ချက်အပေါ် အခုလိုပြောခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ဒေသအချို့မှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်ဖို့၊မလုပ်ဖို့ဆိုတာ အစိုးရကဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ အာဏာရပါတီ ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။



ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေမှာ ဒီဇင်ဘာ (၃၁) ရက်မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့တပ်မတော်ကို တိုက်တွန်းကြောင်း AA ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောဆိုလိုက်တာပါ။

“ ရွေးကောက်ပွဲထပ်လုပ်တယ်၊ မလုပ်ဘူးဆိုတာ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မူတည်တယ်။ သူတို့က လွတ်လပ်တဲ့ အဖွဲ့အစည်းပဲ။ အစိုးရက မင်းတို့လုပ်လိုက်ဆိုပြီး ကျွန်တော်တို့က ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ” လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ 

ဒါပေမယ့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပေးရေးဆိုတာ လုံခြုံရေးအရေးကြီးပြီး လုံခြုံရေးအတွက် ရဲနဲ့ မလုံလောက်ပါက တပ်မတော်ကို အကူအညီတောင်းရတာက လုပ်ငန်းစဉ်ပဲဖြစ်ကြောင်း၊ အဲဒီလိုနေရာမျိုးတွေမှာ အစီအစဉ်တကျရွေးဆွဲပြီး ရွေးကောက်ပွဲပြုလုပ်ခြင်း၊မပြုလုပ်ခြင်းက လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်မှာဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ လုံခြုံရေးအကူအညီလိုလာရင် ရဲကပေးရမယ်။ ရဲမလုံလောက်ရင် တပ်ကပေးရမယ်။ ရွေးကောက်ပွဲလုပ်ဖို့ မလုပ်ဖို့က ကော်မရှင်ကပဲ ဆုံးဖြတ်မှာပေါ့။ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရက ပူးပေါင်းလုပ်ပါဆိုတာက တစ်မျိုးကြီးပဲဗျ။ကျွန်တော်တို့ကတော့ လိုအပ်တာ ပံ့ပိုးပေးပါမယ်။” လို့ ဒေါက်တာဇော်မြင့်က ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း (၃) ဦး ဖမ်းဆီးခံထားရခြင်းနဲ့ပတ်သက်လို့ အခုလိုဖမ်းဆီးခြင်းက ရွေးကောက်ပွဲဥပဒေတွေနဲ့ငြိစွန်းနေပြီး ဒီလိုဖမ်းဆီးခံရမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက ပါတီဝင် အခြားအမတ်လောင်းတွေ ပါ စည်းရုံးရေးမဆင်းနိုင်ခဲ့ဘူးလို့ ပါတီဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ ရွေးကောက်ပွဲဥပဒေတွေမှာပါပြီးသား။တစ်စုံတစ်ယောက်ကို ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန်သော်လည်းကောင်း ဖိအားပေးတာ၊ လာဘ်ထိုးတာတွေက ပြစ်မှုမြောက်ပါတယ်။ ဒါကို ကျွန်တောတို့က ကြေညာချက်ထုတ်ထားတယ်။ ဒါလုပ်တာ မကောင်းဘူးဆိုပြီးတော့” လို့ ပါတီဒုဥက္ကဌ ဒေါက်တာဇော်မြင့်က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ (၂၀၂၀) ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်တဲ့ ရခိုင်၊ရှမ်း စတဲ့ အချို့ဒေသတွေမှာ ဥပေဒနဲ့ အညီလွတ်လပ်မျှတတဲ့ အခြေအနေ တွေရှိရင် ကျင်းပသွားမှာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁) ရက် က နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဒေသတွေမှာ ရှိတဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်ရယူကာ စိတ်ချရတဲ့ အနေအထားရှိရင် ကျင်းပသွားဖို့ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်အနေနဲ့ အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က