၂၀၂၀ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့နေရာအရေအတွက်ထက်ကို အပြတ်အသတ်အနိုင်ရရှိထားပြီး လွှတ်တော်အသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အမတ်တွေကပဲ ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။

လာမယ့် အစိုးရသစ်သက်တမ်းမှာ ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာဆိုရင် ယခင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပြန်လည်နေရာယူမှာဖြစ်သလို မျက်နှာသစ် ကိုယ်စားလှယ်(အမတ်) တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးမှာတော့ မြို့နယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေပဲ အနိုင်ရရှိခဲ့ပြီး ဒီထဲမှာ မျိုးဆက်သစ် လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တာကြောင့် လွှတ်တော်ထိုင်ခုံကို ရောက်လာမယ့် မျက်နှာသစ်အမတ်လောင်းတစ်ချို့ကို လေ့လာကြည့်ရမယ်ဆိုရင်...

ဓာတ်ပုံ-ဦးမျိုးမင်းဦး facebook

ဦးမျိုးမင်းဦး

ဦးမျိုးမင်းဦးက ကံမမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားတဲ့ အသက်(၃၆) နှစ်အရွယ် လူငယ်အမတ်လောင်းတစ်ဦးဖြစ်ပါတယ်။အသက်(၁၈) နှစ်ပြည့်ပြီးစဉ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ခဲ့ပြီး အသက်(၂၈) နှစ်ကနေ လက်ရှိအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ညီလာခံကျင်းပရေး ကော်မတီအဖွဲ့ဝင် ၊ ကံမမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းဆရာ ၊ ကံမမြို့နယ် ပါတီအတွင်းရေးမှူး ၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ဗဟိုညီလာခံကိုယ်စားလှယ် အစရှိတဲ့ ပါတီလုပ်ငန်းတွေလုပ်ဆောင်ခဲ့သလို ပဲခူးတိုင်းအနောက်ခြမ်း ငြိမ်းချမ်းရေးဖိုရမ် နဲ့ မကွေးတိုင်း ငြိမ်းချမ်းရေးဖိုရမ်မှာလည်း စပီကာအဖြစ်ဆောင်ရွက်ခဲ့သူပါ ။ ၂၀၂၀ရွေးကောက်ပွဲမှာတော့ ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခဲ့ပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ပါတယ်။



လွှတ်တော်ထဲရောက်ရင် ဦးမျိုးမင်းဦး ဘာလုပ်ပေးမှာလဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ရည်ရွယ်ချက်သုံးခုဖြစ်တဲ့ တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ၊ ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပဲ ရွေးကောက်ပွဲ ကတိကဝတ်ပေးခဲ့ပါတယ်။ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်ပါမယ်။ကံမမြို့နယ်မှာ လူငယ်စင်တာလေးတစ်ခု ပီပီပြင်ပြင်ပေါ်ပေါက်အောင် ဆောင်ရွက်ချင် စိတ်ရှိပါတယ်။ အဲဒါကိုလည်း အားလုံးနဲ့အတူ ပူးပေါင်းပြီး ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်ထဲကနေ စွမ်းစွမ်းတမံဆောင်ရွက်မယ်။

ဦးမျိုးမင်းဦးရဲ့ ထူးခြားချက်

မိဘမျိုးရိုးက တောင်သူလယ်သမားဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားသူမရှိပေမယ့် သူက ငယ်စဉ်ကတည်းက နိုင်ငံရေးစိတ်ဝင်စားသူပါ။ မြန်မာစာနဲ့ ဘွဲ့ရရှိထားသလို Diploma In Business English (City of Oxford College,UK ) လည်း ရရှိထားပါတယ် ။ ၂၀၁၂မတိုင်ခင်အထိ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကို စာသင်တဲ့အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ခုနှစ် နောက်ပိုင်းမှာတော့ နိုင်ငံရေး နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတာဝန်တွေကိုပဲ လုပ်ကိုင်ခဲ့သူပါ ။ (၂၀၂၀) ရွေးကောက်ပွဲမှာ ဦးမျိုးမင်းဦးက ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအတွင်းရေးမှူး လည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ နာမည်ကျော် ကိုယ်စားလှယ် ဦးပိုက်ထွေးနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လူငယ်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးပိုက်ထွေးနဲ့ ဆန္ဒမဲထက်ဝက်ကျော်အကွာအနိုင်ရရှိခဲ့သလို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်နဲ့ ဆန္ဒမဲ (၃၂,၀၀၀) ကျော်အကွာ အနိုင်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ-ဒေါ်သင်းသင်းဆွေ facebook

ဒေါ်သင်းသင်းဆွေ

အသက်(၃၃) နှစ်အရွယ် လူငယ်မျက်နှာသစ်အမတ်လောင်း ဒေါ်သင်းသင်းဆွေက တောင်တွင်းကြီးမြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)ကနေ ဝင်ရောက်ယှင်ပြိုင်ပြီး အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ မိဘတွေက ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ရပ်ကျေးစည်းရုံးရေးoမှူးတွေအဖြစ် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့သလို မိခင်ဖြစ်သူက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ြ ဖစ်ပါတယ်။ဒါကြောင့် နိုင်ငံရေးကို ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး ကိုယ်တိုင်ပါဝင်ချင်စိတ်နဲ့ ၂၀၁၂ခုနှစ်မှာ ပါတီကို စတင်ဝင်ရောက်ခဲ့ပြီး တတ်ကျွမ်းတဲ့ ဥပဒေပညာနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ရပ်ကျေးမဲရုံကိုယ်စားလှယ်တွေကို အသိပညာပေးခြင်း၊ မဲရုံကိုယ်စားလှယ်တွေရဲ့ အလုပ်တာဝန်တွေကို သင်တန်းပေးခြင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက် အားသာချက် ပြင်ဆင်ရမယ့်အချက် တွေကို အသိပညာပေးခြင်း ၊  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် အောင်နိုင်ရေးလုပ်ဆောင်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သလို မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၂၀၁၇ လူငယ်ညီလာခံကျင်းပတဲ့အချိန် ဖွံ့ဖြိုးရေးကော်မတီမှာ တာဝန်ယူပြီး သင်တန်းကိစ္စ လူငယ်အရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀မှာတော့ ကိုယ်တိုင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

လွှတ်တော်ထဲရောက်ရင် ဒေါ်သင်းသင်းဆွေ ဘာတွေလုပ်မလဲ

အဓိကကတော့ ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းက သုံးချက်ဖြစ်တဲ့ တိုင်းရင်းသားအရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ၊ ရေရှည်တည်တံ့ခိုင်မြဲမယ့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး ဒါတွေကလွဲပြီး ဘောင်ကျော်ပြီး ဖွံ့ဖြိုးရေးနဲ့သက်ဆိုင်တဲ့ ကတိကဝတ်တွေ မပေးထားပါဘူး ။ ဒါပေမယ့် ဒေသမှာရှိတဲ့ လမ်းတွေမကောင်းတဲ့ရွာတွေကို လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ထိ ကြိုးစားဖို့ ရည်ရွယ်ချက်ရှိတယ် ။ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေး ရေကိစ္စတွေ ၊ ဆည်ဘောင် ဆည်မြောင်းတွေမကောင်းတဲ့ကိစ္စတွေကတော့ မြေပြင်မှာ လက်ရှိဖြစ်နေတဲ့အနေအထားတွေကို ဒေသခံပြည်သူတွေနဲ့ ပွင့်လင်းမြင်သာစွာဆွေးနွေးပြီး ဆောင်ရွက်မယ်လို့ ရည်မှန်းထားပါတယ်။

ဒေါ်သင်းသင်းဆွေရဲ့ ထူးခြားချက်

ဒေါ်သင်းသင်းဆွေက ၂၀၁၇ခုနှစ်မှာ တရားလွှတ်တော်ရှေ့နေလိုင်စင်ရခဲ့တဲ့ ဥပဒေသမား တစ်ယောက်ဖြစ်သလို မဲဆန္ဒနယ်အတွက် အဓိကယှဉ်ပြိုင်ခဲ့ရတဲ့ USDP ပါတီ နဲ့ UBP ပါတီတို့ရဲ့ ကိုယ်စားလှယ်တွေကလည်း ဥပဒေသမားတွေဖြစ်ပါတယ်။ USDP ပါတီရဲ့ ကိုယ်စားလှယ်လောင်းက ယခင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဖြစ်ပါတယ်။ဒါပေမယ့် ဒေါ်သင်းသင်းဆွေက ငယ်ရွယ်တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်တဲ့အပြင် ပြည်သူတွေရဲ့ မတရားမှုအချို့အတွက် အခမဲ့ရှေ့နေ အဖြစ်ဆောင်ရွက်ခဲ့ခြင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ဆောင်ခဲ့တဲ့ ပုံရိပ်ကောင်းတွေရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဆင်းရဲသားပြည်သူတွေအတွက် အခမဲ့ရှေ့နေလိုက်ပေးတဲ့ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ရဲ့ ငါးဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အရှိုအမျိုးသမီးများအဖွဲ့ (Asho Women Organization) )မှာ အမျိုးသမီးတွေ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုတွေအတွက် ဥပဒေအကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာတော့ အဓိက ပြိုင်ဖက် USDP ကိုယ်စားလှယ်ကို မဲအရေအတွက် (၄၃,၀၀၀) ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အခြားပြိုင်ဖက်ကိုယ်စားလှယ်တွေနဲ့ မဲအရေအတွက် (၅၈,၀၀၀) ကျော်အကွာနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ-ဒေါက်တာရဲထွန်းဇော် facebook

ဒေါက်တာရဲထွန်းဇော်

ဒေါက်တာရဲထွန်းဇော်က မင်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)က အနိုင်ရထားတဲ့ အသက်(၃၆) နှစ်အရွယ် ဆရာဝန်လူငယ်အမတ်လောင်းတစ်ဦးပါ ။ ဖခင်က နိုင်ငံရေးစိတ်ဝင်စားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်သလို အစ်ကိုဖြစ်သူက ဆယ်တန်းအောင်မြင်ပြီးစနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်၂၀ကျော်အမိန့်ချမှတ်ခံရပေမယ့် ထောင်တွင်းမှာ ကျန်းမာရေးအခြေအနေဆိုးဝါးတာကြောင့် လေးနှစ်ကျော်နဲ့လွတ်မြောက်ခဲ့ပါတယ်။မိသားစုက ဒေါက်တာရဲထွန်းဇော် နိုင်ငံရေးသမားဖြစ်လာမှာ အလွန်စိုးရိမ်ခဲ့ကြပြီး ဆရာဝန်ဖြစ်ဖို့ကိုပဲ အားပေးတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒေါက်တာရဲထွန်းဇော်က ၂၀၁၅ခုနှစ်က စတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အောင်နိုင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပါတီတာဝန်တွေကို ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ပါတယ်။တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်နေသလို လူထုခေါင်းဆောင်ရဲ့ ပင်ပန်းမှုတွေကို ကူညီလိုစိတ်နဲ့ ၂၀၂၀ရွေးကောက်ပွဲဝင်ရောက်ခဲ့ပါတယ်။

လွှတ်တော်ထဲရောက်ရင် ဒေါက်တာရဲထွန်းဇော် ဘာလုပ်ပေးမှာလဲ

အဓိကကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ရည်မှန်းချက် သုံးချက်နဲ့အညီ ပြည်သူတွေအကျိုးဆောင်ရွက်မယ်။ နောက်ပြီး ကျွန်တော့်ဒေသအတွက် အခြေခံအဆောက်အဦးပိုင်းလိုအပ်ချက်တွေရှိနေတာ လမ်း ၊ ကျောင်း ၊ ဆေးရုံတွေကို ဖြည့်ဆည်းချင်တယ် ။ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်းပိုင်းဆိုင်ရာ သင်တန်းမျိုးတွေ ဖော်ဆောင်ဖို့ ကြိုးစားချင်ပါတယ်။

ဒေါက်တာရဲထွန်းဇော်ရဲ့ ထူးခြားချက်

ဒေါက်တာရဲထွန်းဇော်က မကွေးဆေးတက္ကသိုလ်ရဲ့ ပထမဆုံးဖွင့်လှစ်တဲ့ နှစ်မှာ ဆေးကျောင်းစတင်တက်ရောက်သူတစ်ဦးပါ။ မင်းလှမြို့နယ်ပြည်သူလူထုက ချစ်ခင်တဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ မင်းလှမြို့နယ်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားသလို အပ္ပမာဒနာရေးကူညီမှုအသင်းရဲ့ ဆေးခန်းမှာလည်း တစ်ပတ်နှစ်ရက် ပရဟိတဆေးကုသူပါ။ဒါ့အပြင် မလွန်မင်းလှပရဟိတအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းထားပြီး ရေရှားပါးတဲ့နေရာတွေမှာ ရေတွင်းတူးခြင်း ၊ နွေရာသီရေပြတ်လပ်တဲ့ကျေးရွာတွေကို ရေကားတွေလှူဒါန်းခြင်းတွေအပြင် သက်ငယ်မုဒိန်းမှုသုံးခုကို အစကနေ အဆုံးထိ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ဒါ့အပြင် မင်းလှမြို့နယ် အနောက်ဖက်အစွန်က ရခိုင်ရိုးမအစပ်မှာ နေတဲ့ အရှိုချင်းတိုင်းရင်းသားတွေဆီ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် နှစ်လတစ်ခေါက် ကိုယ့်ကျောပိုးအိတ်ကိုယ်ထမ်းပြီး အခမဲ့ဆေးကုထွက်သူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမှာလည်း ပြိုင်ဖက်ပါတီတွေနဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားမှု မရှိသလို အဓိကပြိုင်ဖက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်နဲ့လည်း ပုဂိုလ်ရေးခင်မင်တာကြောင့် မဲဆွယ်စည်းရုံးရေးဆုံကြတဲ့အခါ အဖွဲ့အချင်းချင်းနှုတ်ဆက်ကြတဲ့ ကောင်းသောဆက်ဆံရေးဖြစ်တယ်လို့ သိရပါတယ်။ဒေါက်တာရဲထွန်းဇော်က ပြိုင်ဖက်ပါတီလေးခုကို မဲအရေအတွက် (၂၀,၀၀၀) ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

Share

က္က