မဲစာရင်းတွေမှာ မျှတမှုမရှိတာကြောင့် ရွေးကောက်ပွဲရလဒ်ကွာဟရတာဖြစ်ဟုဆို

မိတ္ထီလာမှာ ရွေးကောက်ပွဲရလဒ်စာရင်းတွေကို ပြန်လည်စစ်ဆေးပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်း (၄) ဦးက ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။



ဒီနေ့ နိုဝင်ဘာ (၁၇) ရက်က မန္တလေးမြို့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(မန္တလေး) မှ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။

မိတ္ထီလာမြို့နယ်မှာ မဲစာရင်းတွေအရ အသက် (၁၈) နှစ်မပြည့်သူ (၈၃) ဦး၊ မှတ်ပုံတင်နံပါတ်မပါတဲ့သူ နှစ်သောင်းကျော်နဲ့ မှတ်ပုံတင်နံပါတ်ထပ်နေသူ ခုနှစ်ထောင်ကျော်တွေ့ရပြီး ဒါတွေက ရွေးကောက်ပွဲမှာ ရလဒ်ကွာဟ ပြောင်းလဲသွားရတဲ့အကြောင်းရင်းတွေ ဖြစ်ကြောင်း၊ ဒီလို မှားယွင်းတဲ့ မဲစာရင်းတွေအရ ရလာတဲ့ မဲရလဒ်တွေကို လက်မခံနိုင်ကြောင်း ပြောရတာဖြစ်တယ်လို့ ဦးအောင်ကျော်မိုးက ဆိုပါတယ်။

“အသက်မပြည့်တဲ့သူတွေ၊ မှတ်ပုံတင်မရှိတဲ့သူတွေ၊ မှတ်ပုံတင်ထပ်နေတဲ့သူတွေက သုံးသောင်းကျော်လောက် ရှိနေတာတွေက ရွေးကောက်ပွဲရလဒ်အပေါ် အပြောင်းအလဲဖြစ်နိုင်တယ်။ ဒါတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေက မှန်ကန်မျှတမှုမရှိဘူးဆိုတာကို ပြောချင်တာဖြစ်ပါတယ်။ ဒါကို အသေးစိတ်ပြန်လည်စစ်ဆေးပေးဖို့ မြို့နယ်ကော်မရှင်ခွဲကို တောင်းဆိုထားပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် (၄) ယောက်စလုံးလက်မှတ်ထိုးပြီးတော့ မဲစာရင်းတွေ ပြန်လည်စစ်ဆေးရေတွက်ဖို့ တောင်းဆိုထားပါတယ်” လို့ ပြည်ခိုင်ဖြိုးပါတီ (မန္တလေး) အတွင်းရေးမှူးဦးအောင်ကျော်မိုးက ပြောပါတယ်။

အဆိုပါ တောင်းဆိုချက်တွေကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘူးဆိုပါက ဥပဒေမှာ ပါရှိတဲ့အတိုင်း ခရိုင်၊တိုင်းအဆင့်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မိတ္ထီလာမြို့နယ်မှာ (၂၀၁၅) ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပေမယ့် အခု (၂၀၂၀) ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာမှာ ဒီချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီထက် မဲအရေအတွက် တစ်သောင်းကျော်ပိုမိုအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က