(၂၀၂၀)ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၈၃) ရာခိုင်နှုန်းကျော် အနိုင်ရရှိ

(၁၉၉၀) ခုနှစ်ရွေးကောက်ပွဲကနေ (၂၀၂၀) ရွေးကောက်ပွဲအထိ နှစ်ပေါင်း (၃၀) ကျော် ပြည်သူလူထု၏ထောက်ခံရမှုကို တစ်ခဲနက်ဆက်တိုက်ရရှိခဲ့တာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အံ့မခန်းသော စည်းရုံးရေးစွမ်းအားကြောင့် ဖြစ်တာကို အထူးဖော်ပြလိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ (၁၉၉၀) ခုနှစ်မှာ မဲဆန္ဒနယ်အားလုံးရဲ့ (၈၂) ရာခိုင်နှုန်းကျော်၊ (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ (၉၅) ရာခိုင်နှုန်းကျော်၊ (၂၀၁၅) ရွေးကောက်ပွဲမှာ (၈၀) ရာခိုင်နှုန်းခန့်နဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာတော့ (၈၃) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တယ်လို့လည်း ဒီနေ့ နိုဝင်ဘာ (၁၇) ရက်က ပြည်သူ့အသိပေးခြင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



ရွေးကောက်ပွဲမှာ ပြည်သူလူထုက အဖွဲ့ချုပ်အပေါ် ပြတ်ပြတ်သားသားထောက်ခံတာကြောင့် မိမိတို့ဘက်ကလည်း ပြည်သူလူထုရဲ့ ကျေးဇူးနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတို့ ကိုက်ညီစေဖို့ တာဝန်ကျေရမယ်လို့ ခံယူထားကြောင်း အသိပေး ပြောဆိုထားပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်ကို ထောက်ခံသူတွေသာမကာ မထောက်ခံသူတွေရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်ရမယ်လို့ ခံယူထားတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်ချက်၊မျှော်လင့်ချက်တွေကို ကြိုးစားဖြည့်ဆည်းသွားမှာ ဖြစ်ပြီး (၂၀၂၀) ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းပါ ဦးတည်ချက် (၃) ရပ်နဲ့အညီ ဆက်လက် လုပ်ဆောင်သွားမယ်လို့လေးနက်စွာကတိပြုအပ်ကြောင်း ရေးသားထားတာပါ။

(၁၉၈၈) ခုနှစ် စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ထားရှိခဲ့ကြောင်း၊ တစ်ဆက်တည်းပင် ခေတ်အဆက်ဆက်ဖြစ်ပွားနေခဲ့တဲ့ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပါတီက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရည်မှန်းချက်တွေနဲ့အညီ နိုင်ငံရေးခရီးကြမ်းကြီးကို ဦးလည်မသုန် ဆက်လက်ချီတက်ခဲ့ကြရာ အဆိုးလောကဓံတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရာမှာလည်း ပြည်သူရဲ့ အားပေးထောက်ခံမှုနဲ့ အဖွဲ့ချုပ်ရဲ့ ကျင့်စဉ်ဖြစ်တဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ပြည်သူအများ မထိခိုက်မနစ်နာစေတဲ့နည်းတွေကို တစ်စိုက်မတ်မတ်ကိုင်စွဲကျင့်သုံးခဲ့တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ပြည်သူသို့ အသိပေးခြင်းမှာ ဖော်ပြကြေညာထားတာပါ။

Share

က္က