အယူခံကာလအတွင်း အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်တာကြောင့်ဟုဆို

ရွေးကောက်ပွဲ တရားမျှတမှုမရှိဟုဆိုကာ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ရှေ့ဦးဆောင်ဆန္ဒပြခဲ့လို့ အလုပ်နဲ့ ထောင်ဒဏ် တစ်လစီ အမိန့်ချမှတ်ခံထားရသူ နှစ်ဦးကို ဒီကနေ့မှာ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။ 

ဦးဆောင်ဆန္ဒပြသူ နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) နဲ့ ဖမ်းဆီးထားတာဖြစ်ပြီး အဆိုပါ ပုဒ်မက အယူခံကာလအတွင်း အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်တာကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၈(၁) အရ အယူခံကာလအတွင်း ကျပ်ငါးသိန်းတန်ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွတ်ထုချေခွင့်ပြုခြင်းဖြစ်တယ်လို့ နေပြည်တော် ဒက္ခိဏခရိုင်တရားသူကြီးဦးတင့်လွင်က ပြောပါတယ်။



“တရားခံဘက်ကလိုက်ပါတဲ့ ရှေ့နေမှ အယူခံတင်သွင်းလာတဲ့အမှုဖြစ်တယ်။ အယူခံအမှုကို လက်ခံပြီးတဲ့နောက်မှာ တရားခံများအား အယူခံ ကာလတွင် အချုပ်လွတ်ထုချေခွင့်ပြုရန် လျှောက်ထားတယ်။ မူလရုံးမှာက သူတို့ကိုအပြစ်ရှိ၊ မရှိလားလို့မေးတော့ သူတို့ကအပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်။ ဒီမှာလျှောက်ထားတာကတော့ ပထမအကြိမ်ဖြစ်တယ်။ ဥပဒေသဘောကိုနားမလည်ဘူးဆိုတာကို သူတို့ဝန်ခံတဲ့အကြောင်းကြောင့် အဓိကကတော့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ ပြန်လည်စဉ်းစားပေးရန် တင်ပြတာပါ။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ က သုံးလ ထက်မပိုဘူး။ ဒဏ်ငွေကလည်းသုံးသောင်းထက်မပိုတဲ့အမှု ဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးနိုင်တဲ့ပုဒ်မတွေ ဖြစ်တယ်။ ဒါကြောင့် ငါးသိန်းတန်ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွတ် ထုချေခွင့်ပြုခြင်းဖြစ်တယ်” လို့ တရားသူကြီး ဦးတင့်လွင်က ဆိုပါတယ်။

အဆိုပါ အမှုနဲ့ပတ်သက်လို့ နိုဝင်ဘာ (၂၃) ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမှာ တရားခံဘက်က လျှောက်လဲချက်တင်မှာဖြစ်သလို နိုင်ငံတော်ဘက်ကလည်း လျှောက်လဲချက်တင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ လျှောက်လဲချက်ကြားနာပြီးရင်တော့ အမိန့်ချဖို့ပြန်လည်ချိန်းဆိုပါမယ်။ အောက်ရုံးမှာ သူတို့အပြစ်မရှိဘူးငြင်းလို့ ရင်ဆိုင်ရရင်တောင် သူတို့အာမခံနဲ့သွားရမှာပါ။ အမိန့်ချပြီးတဲ့အပေါ်မှာ အပေါ်ရုံးကတော့ ရုံးရဲ့လုပ်ပိုင်ခွင့်အရ လတ်တလောပြင်ပကနေဖြေရှင်း ခွင့်ပေးလိုက်တဲ့သဘောပါ။” လို့ ဦးတင့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁) ရက်နေ့လည်ပိုင်းက နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင် အဆိုပါရုံးချုပ်ရှေ့ လူ (၅၀) ဦးခန့်က တရားမမျှတတဲ့ ရွေးကောက်ပွဲအလိုမရှိ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ UEC အယုံအကြည်မရှိ ပြန်လည်ကျင်းပရေး ဒို့ အရေးဟု ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြမှုကို ရဲတပ်ဖွဲ့က လုံခြုံရေးရယူကာ တားမြစ်ခဲ့ပြီး ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင်သူ အမျိုးသား နှစ်ဦးဖြစ်တဲ့ ဇော်ဦး (ခ) ဇော်လင်း (ခ) ဇော်ဇော်လင်း နဲ့ ညီညီ (ခ) ညီညီအောင် တို့ကို ဥတ္တရသီရိမြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ (၁၂) ရက်နေ့မှာတော့ တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်တစ်လစီ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

Share

က္က