ကိုယ်စားလှယ်သုံးဦးကို အထူးချီးမွမ်းဂုဏ်ပြုကြောင်း နဲ့ AAအဖွဲ့က အမြန်ပြန်လွှတ်ပေးဖို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

AAအဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးဖို့အတွက် ပါတီက ဒုတိယအကြိမ် အဖြစ် ဒီနေ့ နိုဝင်ဘာလ (၁၈)ရက်မှာ ထပ်မံ‌တောင်းဆိုလိုက်ပါတယ်။

ဒီလိုတောင်းဆိုရတာဟာ ကိုယ်စားလှယ်သုံးဦးကို ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ ဖမ်းဆီးထားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲပြီးစီးချိန်အထိ ပြန်လည်လွှတ်ပေးမှုမရှိခြင်း နဲ့ AAအဖွဲ့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေကြောင့်လည်း ဖြစ်တယ်လို့ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က Duwun ကိုပြောပါတယ်။



"ဒါက အဓိက တောင်းဆိုရမယ့်ဟာပါပဲ ။ ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတယ်ဆိုတာ ရွေးကောက်ပွဲအကြောင်းပြပြီးဖမ်းတာ ။ သူတို့ပြောတာပဲ ရွေးကောက်ပွဲမှာ သူတို့ကို အကြောင်းမကြားဘဲနဲ့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အတွက်ကြောင့် ဖမ်းတယ်ဆိုပြီး ဖမ်းတယ် ။ ရွေးကောက်ပွဲလည်း ပြီးပြီ ။ လွှတ်ပေးဖို့သင့်တယ် ။ သူတို့ကိုယ်တိုင်လည်း အပစ်အခတ် ရပ်ဆဲရေးလည်း ထပ်ပြီးကြေညာထားတယ် ။ နောက်ပြီး ငြိမ်းချမ်းရေးကိစ္စလည်း ကမ်းလှမ်းတယ် ။ အဲဒီလို ကမ်းလှမ်းမှုတွေလည်း ရှိလာပြီးတော့ အပြစ်မဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေ ဖမ်းထားတာ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါပဲ ။ ကိုယ်စားလှယ်တွေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာပြည်နယ်ဘက်က ဘယ်လောက်ထိကြိုးပမ်းဆောင်ရွက်နေတယ်၊ ဘယ်လောက်လုပ်ကိုင် နေတယ်ဆိုတာတော့ ကျွန်တော် ပြောလို့မရပါဘူး။ အဓိကကတော့ ပါတီပါပဲ။ ဗဟိုက အခုလိုတောင်းဆိုတယ်ဆိုတာ အများကြီးထိရောက်ပါတယ် " လို့ မုံရွာအောင်ရှင်က Duwun ကို ပြောပါတယ်။

ရခိုင်ပြည်နယ်က မြိုကနယ်အများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ်တွေဆုံးရှုံးရပြီး နိုင်ငံသား ၊ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ နစ်နာတာကြောင့် ဒီဇင်ဘာ( ၃၁) ရက် မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့နဲ့ နိုဝင်ဘာလ(၁၁)ရက်ကနေ ဒီဇင်ဘာလ (၃၁)ရက်အထိ အပစ်အခတ်ရပ်စဲမယ့်အကြောင့် AA အဖွဲ့ က ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲထပ်မံကျင်းပခြင်းက ရွေးကောက်ပွဲဥပဒေ၊ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မူတည်နေပြီး ကော်မရှင်ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တာကြာင့် ပါတီက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာလ ၁၄ ရက်နေ့က မန္တလေးမြို့မှာ မီဒီယာများနဲ့တွေ့ဆုံစဉ် တုံ့ပြန်ဖြေရှင်း ခဲ့ပါတယ်။

AAအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလောင်းတွေဖြစ်တဲ့ ဦးမင်းအောင် ၊ ဒေါ်နီနီမေမြင့် နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာလ (၁၄)ရက်က ဖမ်းဆီခေါ်အောင်သွားတာဖြစ်ပြီး ဒီကိုယ်စားလှယ်သုံးဦးက ပြီးခဲ့တဲ့ နိုဝင်ဘာလ(၈)ရက် ရွေးကောက်ပွဲမှာ အနိုင်မရရှိခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က