ဒုစရိုက်မှုမဖြစ်အောင် အခုလိုလုပ်ဆောင်ရတာပါ။

ဂုံးတံတားအောက်တွေက လှိုဏ်ခေါင်းတွေမှာ ခိုအောင်းနေထိုင်သူတွေ တွေ့ရှိခဲ့တာကြောင့် မလိုလားအပ်တဲ့ဒုစရိုက်လုပ်ငန်းတွေ မဖြစ်စေရန် ရန်ကုန်တစ်မြို့လုံးက ဂုံးကျော်တံတားတွေအောက်ရှိ လှိုဏ်ခေါင်းအပေါက်တွေကို ပိတ်ဆို့သွားမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၁၇) ရက်က ရွှေဂုံတိုင်ဂုံးကျော်တံတားအောက်မှာ တံတားထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ အလုံပိတ်ထားတဲ့ အခန်းတွေထဲမှာ စတည်းချနေထိုင်သူတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး အတွင်းမှာ မွေ့ယာတွေ၊ အင်္ကျီနဲ့ အင်္ကျီတန်းတွေ၊ အရက်ပုလင်းတွေ၊ ဘီယာပုလင်းတွေ၊ ဖဲထုတ်အစရှိတာတွေ တွေ့ခဲ့ရတယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးဥက္ကဌ ဦးဝင်းဗိုလ်က ပြောပါတယ်။

“ လူတွေက အဲ့ထဲကနေ ထွက်လာတာတွေ့တယ်။ ကျွန်တော်တို့က တွေ့တော့ ပြန်လွှတ်ပေါ့။ ကြည့်ရတာ ဒီလူတွေက နာရီပိုင်းလာခိုအောင်းကြတာ။ အထဲထဲဝင်ပြီး မဟုတ်တာလုပ်ရင်လည်း ဘယ်သူမှမသိနိုင်ဘူး။” လို့ ဦးဝင်းဗိုလ်က ဆိုပါတယ်။

ဓာတ်ပုံ- ဦးဝင်းဗိုလ်ဖေ့စ်ဘွတ်ခ်

အဆိုပါ တံတားအောက်တွေမှာလူဝင်ပေါက်ထားရခြင်းမှာ တံတားရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးနိုင်ဖို့ အတွက်ဖြစ်ပြီး ဝင်ပေါက်က အလျား (၁၀) ပေလောက်ကျယ်ဝန်းကာ အကန့်သဖွယ်ဖြစ်နေပြီး အဲ့ဒီအကန့်တွေမှာ လူ ၃၊ ၄ ယောက်ခန့် နေလို့ရတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် တစ်ချို့လူတွေ လာရောက်ခိုအောင်းနေထိုင်နေကြတာကို တွေ့ရပြီး ဒီလို မလိုလားအပ်တဲ့သူတွေ အလွယ်တကူဝင်မဝင်နိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ရတာဖြစ်တယ်လို့ ဗဟန်းမြို့နယ် စည်ပင်ကော်မတီဥက္ကဌ ဦးဝင်းဗိုလ်က ဆိုပါတယ်။

“ ဒီလိုနေတာကတစ်ဆင့် ဒုစရိုက်မှုတွေရှိလာမှာ၊ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက် ကျွန်တော်တို့ ဒီလူဝင်ပေါက်တွေကို ပိတ်ဖို့စီစဉ်နေတာပါ။ အခု ပိတ်လဲပိတ်နေပြီ။ နဂိုတည်းက ဒီလူဝင်ပေါက်တွေကို သံမူလီနဲ့ ဆွဲထားတာ။ မူလီတွေကို ဖြုတ်ပြီးဝင်နေကြတာ။ ဒီလိုဖြစ်ရတာက တံတားတည်ဆောက်တဲ့အခါမှာ စဉ်းစားမှုလျော့နည်းတာလို့ ကျွန်တော့်အမြင်အရ ပြောတာပါ။” လို့ ဦးဝင်းဗိုလ်က ဆိုပါတယ်။

လက်ရှိတော့ ရန်ကုန်တစ်မြို့လုံးက ဂုံးကျော်တံတားအောက် လူဝင်ပေါက်တွေကို ပိတ်ဖို့စီစဉ်ဆောင်ရွက်နေပြီး လိုအပ်လာပါက လုံခြုံရေးဝန်ထမ်းတွေပါ ချထားဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

Share

က္က