နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ပါတယ်။

တိုက်ကြီးမြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း၊ဂျိုးဖြူကျေးရွာအနီးမှာ ဆီဘောက်ဆာကားတစ်စီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ် ။



မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာတိုက်ကြီးမြို့ကနေ ဥက္ကံမြိုကို့မောင်းနှင်လာတဲ့ (၈)ဘီးယာဉ် ဂါလံ(၂၈၀၀)ဆံ့ ပရီမီယမ်ဒီဇယ်ဆီတင်လာသောဘောက်ဆာဟာ ဂျိုးဖြူကွေ့အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ခြံဝိုင်းအတွင်းတိမ်းမှောက်ခဲ့ရာကနေမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားမှုကြောင့် ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၂)ဦးသေဆုံးခဲ့ရပြီး လူနေအိမ်(၄)လုံး၊ကား(၁)စီး၊ဒီဇယ်ဆီ(၂၈၀၀)ဂါလံ၊ဝက်(၃)ကောင်လည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ် ။

သေဆုံးသွားသူ ၂ ဦးမှာ ဆီဘောက်ဆာကားမောင်းနှင်သူ ယာဉ်မောင်းနဲ့ တဲအိမ်အတွင်းမှ အဘွားတစ်ဦးဖြစ်တယ်လို့ တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရပါတယ် ။

ဓာတ်ပုံ - တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့

"မနေ့က ညနေ ၆ နာရီ ၄၂ မိနစ် အချိန်လောက်ကမိုင်တိုင်(၅၀/၅နှင့်၅၀/၆)အကြားမှာ ဆီဘောက်ဆာတစ်စီး မီးလောင်နေကြောင်း ဖုန်းဆက်အကြောင်းလာတဲ့အတွက် တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းက မီးငြိမ်းသတ်ယာဉ်တွေ ထွက်ခွာငြိမ်းသတ်ကြပါတယ်။ပရဟိတညီအကိုတွေကဝိုင်ဝန်းပြီး မီး ငြိမ်းသတ်ခဲ့ကြလို့ ၈ နာရီမှာမီးလောင်မှုကို ထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၁၀ မိနစ်လောက်မှာ အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့တယ်။"လို့ တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

 မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊FOAM(ဆီမီးလောင်ရာတွင်ငြိမ်းသတ်တဲ့)ကား(၃)စီး၊ရေသယ်ယာဉ်(၉)စီး၊ကွပ်ကဲမှုယာဉ်(၂)စီး၊သူနာပြုယာဉ်(၁)စီး၊စုစုပေါင်း(၂၅)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရပြီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရတာပါ။

မီးလောင်မှုနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ ယာဉ်မောင်းကို အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ စီစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က